Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ အမေရိကန်-အီရန် ဆွေးနွေးမှု စတင်

ပါကစ္စတန်နိုင်ငံမှာ အီရန်-အမေရိကန် စစ်ပြေငြိမ်းရေးကိစ္စ သုံးပွင့်ဆိုင် ဆွေးနွေးမှု စတင်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - The New York Times, Reuters

ပါကစ္စတန်နိုင်ငံမှာ အီရန်-အမေရိကန် စစ်ပြေငြိမ်းရေးကိစ္စ သုံးပွင့်ဆိုင် ဆွေးနွေးမှု စတင်နေကြောင်း သိရပါတယ်။

အီရန်နဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေနဲ့အတူ အိမ်ရှင် ပါကစ္စတန်ကလည်း ကြားဝင်ညှိနှိုင်းပေးပြီး ဧပြီ ၁၁ ရက် ညနေပိုင်းမှာ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ အစပြုခဲ့ကြောင်း ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ဦးဆောင်ခဲ့ပြီး အီရန် ကိုယ်စားလှယ် အဖွဲ့ကိုတော့ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က ခေါင်းဆောင်လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ တစ်လကျော် ကြာမြင့်ခဲ့ပြီးတဲ့နောက် အခုသီတင်းပတ်ထဲမှာတော့ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီအတောအတွင်း တရားဝင် ငြိမ်းချမ်းရေး ရယူဖို့အတွက် ပါကစ္စတန်က ကြားဝင်ကူညီပေးပြီး အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေ တွေ့ဆုံကြတာပါ။

Public Service Announcement

Public Service Announcement

ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် ပါကစ္စတန် အစိုးရထဲက ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်ကိုယ်တိုင် ဦးဆောင် ညှိနှိုင်းပေးပြီး နိုင်ငံခြားရေး ဝန်ကြီး အစ်ရှက်ဒါးနဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဆင်မ် မူနာတို့ကလည်း ဝိုင်းဝန်း ပံ့ပိုးပေးကြပါတယ်။

အစ္စလာမ်မာဘတ်မှာ ဆွေးနွေးပွဲ စတင်ချိန်မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ စစ်ပွဲမှာ ကြီးကြီးမားမား အရေးနိမ့်ထားတယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။ အီရန်က စစ်နိုင်ခဲ့ပါတယ်လို့ ပြောရတာ ကြိုက်ရင်တောင်မှ လူတိုင်းကတော့ အီရန်ဟာ အရှုံးကြီး ရှုံးခဲ့မှန်း သိပြီးသားလို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthကနေ မှတ်ချက်ပေးခဲ့ပါတယ်။

အီရန်ရေတပ်နဲ့ လေတပ်တွေဆိုတာ လုံးဝဥဿုံ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း၊ လေကြောင်း ကာကွယ်ရေး လက်နက်တွေ မရှိတော့သလို ရေဒါတွေလည်း အသက်မဲ့ကုန်ကြောင်း၊ ဒုံးကျည်နဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေဟာ အကြီးအကျယ် ချေမှုန်းခံခဲ့ရကြောင်း၊ ပိုအရေးကြီးတာက အီရန်ရဲ့ သက်တော်ရှည် ခေါင်းဆောင်တွေ မရှိကြတော့ဘဲ အလာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူကုန်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

အီရန်က မြေမြှုပ်မိုင်းတွေ ထောင်ထားတာ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကိုလည်း တစ်ကမ္ဘာလုံး ကောင်းစားဖို့ အမေရိကန်က ရှင်းလင်းမှုတွေ စတင်နေပြီလို့ ထရမ့်က ဆိုပါတယ်။

ဟောမုဇ်ရေလက်ကြား ကိစ္စဟာ အီရန်ရဲ့ နျူကလီးယား သန့်စင်ပိုင်ခွင့်၊ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုစတဲ့ ကိစ္စတွေနည်းတူ အစ္စလာမ်မာဘတ်က ဆွေးနွေးပွဲမှာ အဓိက အကျဆုံး ခေါင်းစဉ်တစ်ခု အနေနဲ့ ပါဝင်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာက မွေးကင်းစ ကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။