ဟောမုဇ် ရေလက်ကြားကို အမေရိကန်က ပိတ်ဆို့လိုက်ပြီးတဲ့နောက် လာမယ့် သီတင်းပတ် တချို့အတွင်း ရေနံစျေးတွေ အမြင့်ဆုံးထိ ဆက်ပြီး တက်လာနိုင်ကြောင်း အမေရိကန် စွမ်းအင် ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန် စစ်တပ်ဟာ ဧပြီ ၁၃ ရက်နေ့မှာ အီရန်နိုင်ငံ ကမ်းလွန်မှာ ရှိနေပြီး ကမ္ဘာ့စွမ်းအင်တင်ပို့မှု လမ်းကြောင်းမှာ အချက်အခြာ အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို စတင် ပိတ်ဆို့ခဲ့ပါတယ်။ အမေရိကန်က အဲဒီ ပိတ်ဆို့မှုဟာ အီရန် ဆိပ်ကမ်းတွေဆီ အဝင်အထွက် လုပ်ခဲ့တဲ့ ရေယာဉ်တွေ၊ ရေနံတင် သင်္ဘောတွေကို ရေလက်ကြားကနေ ဖြတ်သန်းခုတ်မောင်းခွင့် တားဆီးဖို့သာ ရည်ရွယ်ကြောင်း ကြေညာထားပါတယ်။
ဟောမုဇ်ကို အီရန်ရော၊ အမေရိကန်ကပါ အပြိုင်အဆိုင် ပိတ်ဆို့လာခြင်းက စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ လက်ရှိ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေဖွယ် ရှိနေပါတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စတင်တိုက်ခိုက်မှုနဲ့အတူ အီရန်မှာ စစ်ပွဲစတင်ခဲ့ပြီး ဟောမုဇ် ရေလက်ကြားကိုလည်း အီရန်က ပိတ်ပစ်ခဲ့ရာက တစ်ကမ္ဘာလုံးမှာ ရေနံနဲ့ လောင်စာဆီစျေးတွေ မြင့်တက်လာသလို တချို့နိုင်ငံတွေမှာတော့ ဆီပြတ်လပ်မှုတွေပါ ကြုံတွေ့လာခဲ့ပါတယ်။
အမေရိကန် အစိုးရရဲ့ စွမ်းအင်ဝန်ကြီး ခရစ္စရိုက်ကတော့ ဟောမုဇ်မှာ သင်္ဘောတွေ ပုံမှန် ဖြတ်သန်း ခုတ်မောင်းနိုင်တဲ့ အခြေအနေမျိုး ပြန်မဖြစ်မချင်း ဆီစျေးတွေ ပြန်မကျနိုင်လောက်ဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက လာမယ့် သီတင်းပတ်တွေမှာပါ စျေးတွေ အမြင့်ဆုံးထိ ဆက်ပြီး တက်နေနိုင်တယ်လို့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ဧပြီ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ Semfor ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement
စွမ်းအင်စျေးနှုန်းတွေ ဆက်ပြီး မြင့်တက်နေတာကို မြင်နေရဦးမှာ ဖြစ်ကြောင်း၊ ဒီထက်လည်းပိုပြီး စျေးတွေ တက်လာနိုင်ကြောင်း၊ ဟောမုဇ်မှာ သင့်တော်မှန်ကန်တဲ့ သင်္ဘောခုတ်မောင်းမှုတွေ ပြန်မစနိုင်မချင်း ဒီကိစ္စက ပြေလည်မှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။ ဒီအတောအတွင်း ရေနံစျေးတွေဟာ အမြင့်ဆုံး အခြေအနေ တစ်ခုထိ ရောက်သွားနိုင်ပြီး ဒါမျိုးကို လာမယ့် သီတင်းပတ် နည်းနည်းလောက်မှာတင် ကြုံလာနိုင်ကြောင်းလည်း ရိုက်က ပြောကြားသွားပါတယ်။ ဒါပေမဲ့ သူက အချိန်အတိုင်းအတာ တစ်ခုမှာတော့ စျေးတွေ ပြန်ကျလိမ့်မယ်လို့ သုံးသပ်သွားပါတယ်။
ဧပြီ ၁၂ ရက်နေ့တုန်းကတော့ ထရမ့်က ရေနံနဲ့ ဆီစျေးတွေ တက်နေတာဟာ အမေရိကန်မှာ သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလထိ ဖြစ်နေနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်လောက်က အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ထိခိုက်မှုတွေ ကြုံလာနိုင်တယ် ဆိုတာကို ထရမ့်က ရှားပါး အခြေအနေ တစ်ခုအနေနဲ့ အရိပ်အမြွက် ဝန်ခံလာတာဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အီရန်ဟာ စစ်ပွဲစတင်ချိန်မှာ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့သလို အခုအခါမှာတော့ အဲဒီရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးနဲ့ ဖြတ်သန်းသွားလာတဲ့ ရေယာဉ်တွေဆီကနေ အခွန်ကောက်ယူရေးကိုပါ တောင်းဆိုလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီရန်ကို တန်ပြန် ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ကလည်း ဟောမုဇ်ကို ပိတ်ဆို့ပြီး အီရန် ဆိပ်ကမ်းတွေဆီ ကူးလူးသွားလာတဲ့ ရေယာဉ်တွေကို တားဆီးမယ့် ခြေလှမ်းကို စတင်လာတာ ဖြစ်ပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Getty, Reuters, PA

















































