ဂျာမနီက ရေတိမ်ကမ်းခြေ တစ်နေရာမှာ တစ်လကျော်လောက် သောင်တင်နေခဲ့တဲ့ ဝေလငါးကြီး တစ်ကောင်ကို ရေဖြည့်ထားတဲ့ ဇက်ရေယာဉ်ကြီး တစ်စီးပေါ် တင်ဆောင်ပြီး ပင်လယ်နေရက်ပိုင်းဆီ ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
တင်မီလို့ နာမည်ပေးထားတဲ့ ၁၀ မီတာလောက်ရှည်တဲ့ ကျောခုံး ဝေလငါးကြီးဟာ မတ်လကုန်ကစပြီး ဂျာမနီ ကမ်းခြေ တစ်နေရာမှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။ ဘောလ်တစ် ပင်လယ် ကမ်းရိုးတန်းနား တစ်နေရာမှာ သောင်တင်နေခဲ့တဲ့ တမ်မီကို ပင်လယ် ရေနက်ပိုင်းဆီ လမ်းပြ ရွှေ့ပြောင်းပေးဖို့ ကနဦး အစီအစဉ်တွေကို လက်လျှော့ခဲ့ရတဲ့နောက် အဲဒီ ဝေလငါးကြီးအတွက် မျှော်လင့်ချက် အရမ်းနည်းသွားခဲ့ပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင် အများစုကတော့ တမ်မီအတွက် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း မရှိတော့ဘူးလို့ ပြောကြားခဲ့သလို အခု ကယ်ဆယ်ရေး မစ်ရှင်မှာလည်း လက်ရှောင်ထားကြပါတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝတဲ့ ဂျာမန် စီးပွားရေး လုပ်ငန်းရှင် နှစ်ဦးက အခုလို ရဲတင်းပြီး ပုံမှန်မဟုတ်တဲ့ စိတ်ကူးကို အကောင်အထည် ဖော်လာခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပုဂ္ဂလိက ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဝေလငါးကြီးကို ရေဖြည့်ထားတဲ့ ဇက်ရေယာဉ်ပေါ် အောင်အောင်မြင်မြင် တင်ဆောင်နိုင်ခဲ့ပြီး ဧပြီ ၂၈ ရက်နေ့မှာ မြောက်ပိုင်းပင်လယ် ရေနက်ပိုင်းဆီ စတင်ထွက်ခွာသွားပါတယ်။ ဆွဲသင်္ဘော တစ်စီးက ဆွဲယူသွားတဲ့ ဇက်ရေယာဉ်ကြီးဟာ ဧပြီ ၂၉ ရက်နေ့မှာတော့ ဒိန်းမတ်နိုင်ငံ ကမ်းလွန်ရေပြင်ဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Public Service Announcement

နိုင်ငံတကာ ဝေလငါးဖမ်း ကော်မရှင်ရဲ့ အဏ္ဏဝါဗေဒ ကျွမ်းကျင် ပညာရှင် တစ်ဦးကတော့ ဒီကယ်ဆယ်ရေး မစ်ရှင်ဟာ အကျိုးမရှိတဲ့ လုပ်ရပ်လို့ ဝေဖန်ခဲ့ပါတယ်။ တမ်မီရဲ့ အခြေအနေက အရမ်းဆိုးရွားနေပြီဖြစ်ပြီး ရေနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ရင်တောင် အသက်ရှင်နိုင်ခြေ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။
တချို့ ပညာရှင်တွေကလည်း တမ်မီကို ဇက်ရေယာဉ်ပေါ်တင်ပြီး ရေနက်ပိုင်းထဲ သွားလွှတ်မယ့် စိတ်ကူးနဲ့ ပတ်သက်ပြီး အလေးအနက် သံသယ ရှိနေကြပါတယ်။ အဲဒီရေယာဉ်ရဲ့ ဆူညံသံနဲ့ ရှည်လျားတဲ့ ခရီးဟာ ဝေဒနာ ခံစားနေရတဲ့ ဝေလငါးကြီးအတွက် ပိုပြီး ဖိစီးမှုတွေ ဖြစ်စေနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
အဲဒီလို ဆန့်ကျင်ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူ အားလုံးကတော့ တမ်မီကို ရေနက်ပိုင်းဆီ ပြန်ခေါ်ပေးသွားနိုင်တဲ့ အခြေအနေအတွက် အရမ်း စိတ်လှုပ်ရှားပြီး ဝမ်းသာနေကြပါတယ်။ ဒီအစီအစဉ်ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဂျာမနီ အရှေ့မြောက်ပိုင်းက မက်ခ်လန်ဘာ့ဂ် ဗော်ပွန်မန် ပြည်နယ် အစိုးရအဖွဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး တီလ်ဘက်ခေါ့စ်က အခုမစ်ရှင် တစ်ခုလုံးဟာ ဂျာမနီ အနေနဲ့ ဘာတွေ လုပ်နိုင်သလဲ ဆိုတာကို ပြသလိုက်ခြင်း ဖြစ်တယ်လို့ ကြွေးကြော်သွားပါတယ်။
ကိစ္စအားလုံး စီစဉ်ထားသလို ချောချောမွေ့မွေ့ ဖြစ်မယ်ဆိုရင် တမ်မီဟာ မြောက်ပိုင်းပင်လယ် ရေပြင်ဆီ ၂ ရက်အတွင်း ရောက်ရှိလိမ့်မယ်လို့ သူက ဆိုပါတယ်။ တမ်မီဟာ အခုအခါ ကျန်းမာရေး တိုးတက်လာပြီး ညအချိန်မှာ အသံပြု အော်မြည်နေတယ်လို့လည်း ဘက်ခေါ့စ်က ပြောပါတယ်။
တမ်မီကို ရွှေ့ပြောင်းပေးဖို့ စရိတ်စိုက်ထုတ်ခဲ့သူ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ကာရင် ဝေါ်လ်တာ မွမ်မတ်က သူ့ဘဝမှာ အခုလောက် ဘယ်တုန်းကမှ မပျော်ခဲ့ဖူးဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ နောက်တစ်ဦးဖြစ်တဲ့ ဝေါ်လ်တာ ဂွန့်ဇ်ကတော့ သူဟာ တစ်သက်လုံးမှာ အခုတစ်ကြိမ်လောက် ခဏခဏ ဆုတောင်းမိတာ မရှိခဲ့ဖူးဘူးလို့ မှတ်ချက်ပေးသွားပါတယ်။
ဝေလငါးနှင့် လင်းပိုင်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (WDC)ကတော့ တမ်မီရဲ့ အရေပြားတွေဟာ ဆိုးဆိုးရွားရွား ထိခိုက်ထားပြီး ပြန်လည် သန်စွမ်းကျန်းမာလာဖို့ဆိုရင် ကိုယ်တိုင် လွတ်လွတ်လပ်လပ် အစာရှာဖွေ စားသောက်နိုင်ဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။ ဝေလငါးကြီးဟာ သဘာဝအတိုင်း အစာရှာနိုင်ဖို့ မလွယ်ဘူးလို့ WDCက ပြောပါတယ်။
ဂျာမန် သမုဒ္ဒရာများပြတိုက်ကလည်း တမ်မီဟာ အရမ်းအားနည်းနေတာကြောင့် ရေနက်ပိုင်းမှာ မကူးခတ်နိုင်ဘဲ ရေနစ်သေဆုံးသွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဝေလငါးတွေဟာ နို့တိုက်သတ္တဝါ မျိုးစိတ်တွေဖြစ်ပြီး ရေမျက်နှာပြင်ပေါ်တက်ရင်း လေရှူဖို့ လိုအပ်ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဖိလစ် ဘော့ချ်ဆက်ခ်ကတော့ ဇက်ရေယာဉ်ပေါ်ကို တမ်မီက ရေကူးပြီး တက်သွားခဲ့တဲ့ အခိုက်အတန့်ဟာ သူ့အတွက် ဘယ်တော့မှ မမေ့တဲ့ ပုံရိပ်တစ်ခု ဖြစ်လာမယ်လို့ ပြောကြားသွားပါတယ်။
ကိုးကား: Guardian
ဓာတ်ပုံ – AP, Getty Images


















































