ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ရှိနေတာကြောင့် စာသင်နှစ်ကို ပုံမှန်ထက် တစ်လကျော်လောက် စောပြီး အဆုံးသတ်၊ ကျောင်းတွေကို ပိတ်ထားဖို့ မက္ကဆီကိုမှာ စီစဉ်ခဲ့ပေမယ့် မိဘတွေက ကန့်ကွက်လို့ မအောင်မြင်ခဲ့ပါဘူး။
မက္ကဆီကိုဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အမေရိကန်၊ ကနေဒါတို့နဲ့ ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အကြီးဆုံးနဲ့ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်နေ့ထိ နိုင်ငံသုံးခုရဲ့ မြို့ကြီးတွေမှာ ကျင်းပသွားမှာပါ။
အစောပိုင်းတုန်းက မက္ကဆီကို အစိုးရဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန်မှာ စာသင်နှစ် ပြီးဆုံးပြီးသား ဖြစ်နေအောင်လို့ အခုစာသင်နှစ်ကို ပုံမှန်ထက် တစ်လကျော်လောက် စောပြီး အဆုံးသတ်စေဖို့ စဉ်းစားခဲ့တာပါ။ အဲဒီလို စဉ်းစားခဲ့ရာမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလ ယာဉ်ကြော ရှုပ်ထွေးမှုတွေကို လျှော့ချဖို့နဲ့ အဲဒီလပိုင်းအတွင်း ကြုံနေရမယ့် အပူလှိုင်းဖြတ်မှု အခြေအနေကို ရှောင်လွှဲဖို့ ဆိုတာလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက အကြောင်းပြခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ အစီအစဉ်ဟာ ကျောင်းသားမိဘတွေ ကြားမှာတော့ လူကြိုက်မများခဲ့ပါဘူး။ မိဘတွေက ကျောင်းတွေကို စောပြီး ပိတ်စေတာဟာ ကလေးတွေရဲ့ ပညာရေးကို ထိခိုက်စေမယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

Public Service Announcement
နောက်ပြီး စာသင်နှစ်ကို အချိန်စောပြီး ပြီးဆုံးစေမယ်ဆိုရင် ကျောင်းပိတ်ရက် ကာလမှာ ကလေးစောင့်ရှောက်ရေး ဝန်ဆောင်မှု စရိတ်တွေ ပိုပြီး ကုန်ကျလာမယ်လို့လည်း မိသားစု အများအပြားက ပြောကြားခဲ့ပါတယ်။
အစောပိုင်းတုန်းက အခုစာသင်နှစ်ကို ဇွန်လ ၅ ရက်နေ့မှာ ပြီးဆုံးစေဖို့ အစိုးရက ရည်ရွယ်ခဲ့ပေမယ့် အခုတော့ မူလအတိုင်း ဇွန်လလယ်ကျမှသာ စာသင်နှစ် ပြီးဆုံးမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
မက္ကဆီကို အမျိုးသား မိဘများ သမဂ္ဂက ကမ္ဘာ့ဖလားကြောင့် ကျောင်းတွေစောပြီး ပိတ်ရမယ် ဆိုတာက လက်ခံနိုင်စရာ ဆင်ခြေမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းကတော့ အစိုးရဟာ ဒီကိစ္စကို ကျိန်းသေ အကောင်အထည် ဖော်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘဲ ဖြစ်နိုင်ခြေ တစ်ခုအနေနဲ့ အဆိုပြုခဲ့ရုံသာဖြစ်ကြောင်း ပြန်ပြီး ဖြေရှင်းခဲ့ပါတယ်။
မေလ ၁၁ ရက်နေ့မှာတော့ မိဘတွေ၊ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ နှီးနှော တိုင်ပင်ပြီး အဲဒီ ကိစ္စကို လုံးဝဥဿုံ ပယ်ဖျက်လိုက်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
မက္ကဆီကိုဟာ မူးယစ်မှောင်ခို ဂိုဏ်းတွေ အခြေစိုက်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လလောက်က နာမည်ကျော် မူးယစ်ရာဇာ အယ်လ်မန်ချိုကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သုတ်သင်ခဲ့တဲ့နောက်ပိုင်း ဒုစရိုက်ဂိုဏ်းတွေရဲ့ အကြမ်းနည်းနဲ့ လက်တုံ့ပြန်မှုတွေကို ကြုံခဲ့ရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဖလား ကာလမှာ လုံခြုံရေး အစီအမံတွေကိုလည်း အထူးတင်းကျပ်ထားရပါတယ်။
သမ္မတ ရှိန်ဘွမ်းကတော့ မက္ကဆီကို နိုင်ငံဆီ ရောက်လာမယ့် နိုင်ငံတကာ ဘောလုံးပရိသတ်တွေ အနေနဲ့ ဘေးကင်းလုံခြုံမှုအတွက် အပြည့်အဝ စိတ်ချရတဲ့ ခံစားချက်မျိုး ပိုင်ဆိုင်စေမယ်လို့ အာမခံထားပါတယ်။
ကိုးကား: BBC


















































