အမေရိကန် ထောက်လှမ်းရေးဌာန အကြီးအကဲ တူလစ် ဂက်ဘက်ဒ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် ဂက်ဘက်ဒ်ကို အမျိုးသား ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး (DNI) ရာထူး ခန့်အပ်ကတည်းက အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့မှာတော့ ဂါးဘက်ဒ်က သူဟာ ခင်ပွန်းသည်ရဲ့ ကျန်းမာရေးအတွက် အချိန်ပြည့် စောင့်ရှောက်ချင်တာကြောင့် DNI အဖြစ်က နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
သူ့ရဲ့ ခင်ပွန်းဖြစ်သူ အေဘရာဟမ် ဝီလျံစ်ဟာ အရမ်းရှားပါးတဲ့ အရိုးကင်ဆာ ရောဂါတစ်မျိုး စွဲကပ် ခံစားနေရကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ခင်ပွန်းဖြစ်သူဟာ လာမယ့် သီတင်းပတ်တွေ၊ လတွေအတွင်း ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြတ်သန်းရတော့မယ်လို့ ဂက်ဘက်ဒ်က အမေရိကန် သမ္မတ ထရမ့်ဆီ ပေးပို့တဲ့ နုတ်ထွက်စာမှာ ရေးသားထားပါတယ်။ သူက အဲဒီစာကို လူမှုကွန်ရက် မီဒီယာ Xမှာလည်း ဖော်ပြထားခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူရဲ့ ဘေးမှာ ရှိနေပေးဖို့အတွက် သူဟာ အလုပ်တာဝန်တွေကနေ စွန့်ခွာဖို့ လိုလာကြောင်း၊ ဒီတိုက်ပွဲမှာ ခင်ပွန်းသည်ကို အပြည့်အဝ ထောက်ပံ့ ကူညီပေးချင်ကြောင်း ဂက်ဘက်ဒ်ရဲ့ စာထဲမှာ တွေ့ခဲ့ရပါတယ်။

Public Service Announcement
ဂက်ဘက်ဒ်ဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အမတ်ဟောင်းတစ်ဦး ဖြစ်ပြီး ၂၀၂၄ မှာတော့ ရီပတ်ဘလစ်ကန် ပါတီဖက်ကို ကူးလာခဲ့ပါတယ်။ ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရခဲ့ပြီးတဲ့နောက် DNI ရာထူးအတွက် သူ့ကို နာမည်စာရင်း အဆိုပြု တင်သွင်းခဲ့ပါတယ်။
DNI ဆိုတာဟာ အမေရိကန် အစိုးရထဲမှာ ထောက်လှမ်းရေး ယန္တရား လည်ပတ်မှုအရ အမြင့်ဆုံး ရာထူးတစ်ခုလည်း ဖြစ်ပါတယ်။ ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)၊ ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီ (DIA)၊ အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)တို့လို ထောက်လှမ်းရေး အဖွဲ့အစည်း ၁၈ ခုဟာ DNIရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ရှိနေပါတယ်။ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)နဲ့ တခြား ဖက်ဒရယ် ထောက်လှမ်းရေး အဖွဲ့အစည်းတွေကလည်း DNIဆီ အစီရင်ခံရပါတယ်။
ဂက်ဘက်ဒ်ကို DNI နေရာအတွက် ထရမ့်က ရွေးချယ်ခဲ့ချိန်မှာ အငြင်းပွားမှု၊ ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီဝင်တွေက ဂက်ဘက်ဒ်ဟာ အာဏာရှင် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်ဒ်နဲ့ တွေ့ဆုံခဲ့သလို ရုရှားကို ထောက်ခံတဲ့ သဘောထား မှတ်ချက်တွေ ပြောဆိုခဲ့ဖူးကြောင်း ထောက်ပြခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ ဂက်ဘက်ဒ်ဟာ DNI ရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အခုတော့ သက်တမ်း တစ်နှစ်ကျော် အကြာမှာ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ကတော့ ဂက်ဘက်ဒ်ရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးခဲ့ပြီး သူဟာ မယုံနိုင်လောက်အောင် ပြောင်မြောက်တဲ့ လုပ်ဆောင်နိုင်စွမ်းမျိုးတွေကို ပြသခဲ့ကြောင်း၊ ဂက်ဘက်ဒ်ကို အမေရိကန် အစိုးရက သတိရနေမှာဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဂက်ဘက်ဒ်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူခဲ့သူ အေရွန်လူးကက်စ်ကို ထရမ့်က ယာယီ DNIအဖြစ် ခန့်အပ်ထားပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့လတုန်းက ပြည်တွင်းလုံခြုံရေး ဝန်ကြီး ခရစ္စတီ နိုအမ်နဲ့ တရားရေး ဝန်ကြီးဖြစ်သူ ရှေ့နေချုပ် ပမ်ဘွန်ဒီတို့ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ အလုပ်သမား ဝန်ကြီး လော်ရီ ချားဗက်ဇ် ဒီရမ်မာဟာလည်း ပြဿနာတွေကြောင့် နုတ်ထွက်ခဲ့ရပါတယ်။
သူဟာ အီရန်စစ်ပွဲ အရေးမှာတော့ သမ္မတ ထရမ့်နဲ့ သဘောထား ကွဲလွဲတာတွေ ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ဂက်ဘက်ဒ်ရဲ့ နုတ်ထွက်မှုဟာ ဖိအားပေး ဖယ်ရှားခံရခြင်း မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဂက်ဘက်ဒ်ရဲ့ နုတ်ထွက်မှုဟာ ခင်ပွန်းသည်ရဲ့ ကျန်းမာရေး ကိစ္စကြောင့်သာဖြစ်ပြီး အိမ်ဖြူတော်က သူ့ကို အတင်းအကျပ် နုတ်ထွက်ခိုင်းခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ၊ ထင်ကြေးတွေ အားလုံးဟာ အလိမ်အညာတွေချည်း ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ် အင်ဂလီက ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: AFP
















































