Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်က ဆောက်လုပ်ဆဲ ကွန်ဒို ပြိုကျမှုရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်း၊ ၁၂ ဦး ပျောက်ဆုံးနေဆဲ

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ဆောက်လုပ်ဆဲ ကွန်ဒို တိုက်ကြီးတစ်လုံး ပြိုကျပြီး အနည်းဆုံး လူ ၁၂ ဦး ပျောက်ဆုံးနေတဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ဆောက်လုပ်ဆဲ ကွန်ဒို တိုက်ကြီးတစ်လုံး ပြိုကျပြီး အနည်းဆုံး လူ ၁၂ ဦး ပျောက်ဆုံးနေတဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

နှစ်ရက်ကြာ အပူတပြင်း လုပ်ဆောင်ခဲ့တဲ့ ကယ်ဆယ်ရေး မစ်ရှင်တွေကို ရပ်နားလိုက်ပြီလို့ အရေးပေါ် ဌာန တာဝန်ရှိသူတွေက မေလ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ အဆောက်အအုံ အပျက်အစီးပုံကြီး အောက်ကနေ မလေးရှား နိုင်ငံသား တစ်ဦး၊ ဆောက်လုပ်ရေး ဝန်ထမ်း နှစ်ဦးတို့ အပါအဝင် စုစုပေါင်း လူလေးဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ် ပျောက်ဆုံးနေသူ ၁၂ ဦးကတော့ တန်ချိန်ပေါင်း မြောက်မြားစွာ လေးလံတဲ့ အပျက်အစီးတွေ အောက်မှာပဲ ပိမိနေဆဲလို့ ယုံကြည်ရပါတယ်။

မနီလာမြို့တော် မြောက်ဖက်မှာရှိတဲ့ အန်ဂျလိစ် မြို့ထဲက ဆောက်လုပ်ဆဲ ၉ ထပ် ကွန်ဒိုကြီးဟာ မေလ ၂၄ ရက်နေ့က ပြိုကျပြီး အနီးမှာရှိတဲ့ ဟိုတယ်တစ်လုံးကိုပါ ပိမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးပုံအောက် ပိတ်မိနေသူတွေထဲက ၃ ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ကြပေမယ့် အသက်ရှင်လျက်တော့ ကယ်မထုတ်နိုင်ခဲ့ကြပါဘူး။ ဒါ့အပြင် အပျက်အစီးပုံကြီး အောက်ဖက်မှာ အသက်ရှင်ကျန်မယ့်သူတွေ ရှိနိုင်ခြေ အလားအလာလည်း လုံးဝ မတွေ့ရတော့တဲ့အတွက် ကယ်ဆယ်ရေး မစ်ရှင်ကို အဆုံးသတ်လိုက်ကြောင်း ဒေသခံ မီးသတ်ဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ လီယာ ဆာဂျီလီက ဆိုပါတယ်။

မေလ ၂၅ ရက်နေ့ ညပိုင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အဆုံးသတ်လိုက်ကြောင်း တရားဝင် ကြေညာပြီး နောက်ဆက်တွဲ ရှင်းလင်းရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေဆီ ကူးပြောင်းသွားတော့မှာ ဖြစ်ပါတယ်။

ဟိုတယ်မှာ တည်းခိုနေခဲ့တဲ့ မလေးရှား အမျိုးသားနဲ့ ကွန်ဒို ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမား နှစ်ဦးတို့ကို အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ရှာတွေ့ခဲ့ပေမယ့် အောင်အောင်မြင်မြင် ဆွဲမထုတ်နိုင်ခင်မှာပဲ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ စတုတ္ထမြောက် သေဆုံးသူ ဘယ်သူလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ပျောက်ဆုံးနေသူတွေကတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ညအိပ်ခဲ့တဲ့ အလုပ်သမားတွေဖြစ်ကြောင်း ဆာဂျီလီက ပြောပါတယ်။

အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဟာ လုံခြုံရေး စံနှုန်းတွေကို လိုက်နာဖို့ အားနည်းပျက်ကွက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတုန်းက ယာယီ ဆိုင်းငံ့ ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းက အလုပ်သမားတွေအတွက် လုံလောက်တဲ့ လုံခြုံရေး ပစ္စည်းတွေ ထောက်ပံ့ပေးမှု မရှိကြောင်း စစ်ဆေး တွေ့ရှိလို့ တာဝန်ရှိသူတွေက လုပ်ငန်းကို ဆိုင်းငံ့ထားစေခဲ့တာပါ။ အဲဒီနောက် သတ်မှတ်ချက်တွေ ပြည့်မီအောင် ထောက်ပံ့ခဲ့ကြောင်း ပြန်လည် တင်ပြခဲ့လို့ တစ်လအကြာမှာ ဆောက်လုပ်ရေးလုပ်ငန်း ပြန်စခွင့် ရခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။