Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေသတွင်းက အမေရိကန် စစ်စခန်း တစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်ပြော

အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ပြောပါတယ်။

ဓာတ်ပုံ - US Navy

အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ပြောပါတယ်။

နှစ်နိုင်ငံကြားမှာ လတ်တလော အပစ်အခတ် ရပ်စဲထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အီရန် တောင်ပိုင်းက စစ်ရေးပစ်မှတ်တွေကို အမေရိကန်က နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တဲ့နောက် အခုလို လက်တုံ့ပြန်ခဲ့တာလို့ IRGCက ဆိုပါတယ်။

အမေရိကန် စစ်အခြေစိုက်စခန်း တစ်ခုကို လက်ခံထားတဲ့ ကူဝိတ်နိုင်ငံက မေလ ၂၈ ရက်နေ့မှာ ရန်လိုတဲ့ ဒရုန်းနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ကြားဖြတ် ဟန့်တားခဲ့ရကြောင်း ထုတ်ပြန်ပေမယ့် ပစ်မှတ်က ဘယ်နေရာလဲ ဆိုတာကိုတော့ ထည့်သွင်း အသိပေးမထားခဲ့ပါဘူး။

အမေရိကန်က ဟောမုဇ် ရေလက်ကြားမှာ အီရန် ဒရုန်းတွေကို ပစ်ချခဲ့ပြီး ဘန်ဒါအဘက်စ်မြို့မှာ ဒရုန်းလွှတ်တင်ဖို့ ပြင်ဆင်နေတဲ့ အီရန် စစ်စခန်း တစ်ခုကိုပါ အမေရိကန်က တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့မှာ IRGCက အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ ဘန်ဒါအဘက်စ်ဟာ ၃ ရက်အတွင်း ဒုတိယ အကြိမ်အဖြစ် အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

အမေရိကန် စစ်တပ်ကတော့ အီရန်တောင်ပိုင်းမှာရှိတဲ့ ဆိပ်ကမ်းမြို့ကို ပစ်မှတ်ထားခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာ ရည်ရွယ်ပြီး အပစ်ရပ် သဘောတူညီမှုကို ဆက်လက် လေးစား လိုက်နာနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)က အီရန်ဟာ ကူဝိတ်မှာ တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပြီး အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခြင်းလို့ စွပ်စွဲခဲ့ပါတယ်။ အီရန်ဟာ ဒုံးကျည်တစ်စင်းနဲ့ ဒရုန်းတချို့ကို ပစ်လွှတ်ခဲ့ပေမယ့် အမေရိကန် ပိုင်ဆိုင်မှုတွေ ထိခိုက်ဆုံးရှုံးတာ၊ စစ်သည်တွေ ထိခိုက်ဒဏ်ရာရတာမျိုး သတင်းတော့ မကြားရပါဘူး။

အခု တိုက်ခိုက်မှု မတိုင်ခင်တုန်းကလည်း အီရန်ဟာ ဟောမုဇ် ရေလက်ကြားမှာ ဖောက်ခွဲရေး ဒရုန်း ၅ စင်းကို ဟောမုဇ် ရေလက်ကြား တဝိုက်မှာ စေလွှတ်ခဲ့ကြောင်း၊ ဒါဟာ အဲဒီရေပြင်တဝိုက်မှာ တစ်ခုခု ခြိမ်းခြောက်ဖို့၊ အန္တရာယ်ပေးဖို့ ရည်ရွယ်ထားမှန်း ထင်ရှား မြင်သာစေကြောင်းလည်း CENTCOMက ဆိုပါတယ်။

ပြီးတော့ ဒရုန်း ၅ စင်းစလုံးကို ကြားဖြတ် ပစ်ချလိုက်နိုင်ကြောင်းနဲ့ ဘန်ဒါအဘက်စ်မှာ ဆဋ္ဌမမြောက် ဒရုန်းကို လွှတ်တင်ဖို့ ပြင်ဆင်နေတဲ့ အခြေစိုက် စခန်းတစ်ခုကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း CENTCOM ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကူဝိတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ အီရန် တိုက်ခိုက်မှုကို ရာဇဝတ်မှု တစ်ခုလို့ စွပ်စွဲပြီး အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

အခုလို အပြန်အလှန် တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်နေခြင်းကြောင့် ဧပြီ ၈ ရက်နေ့ ကတည်းက ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့ရေး အတွက်လည်း စိုးရိမ်စရာတွေ ရှိလာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူဟာ အီရန်နဲ့ စစ်ပြေငြိမ်းရေး သဘောတူညီမှု တစ်ခု ရယူနိုင်ဖို့ မျှော်လင့်ထားဆဲဖြစ်ကြောင်း ပြောကြားထားပြီး တကယ်လို့ အဆင်မပြေခဲ့ရင်လည်း တိုက်ခိုက်မှုတွေ ပြန်စဖို့ အမိန့်ပေးနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။