Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်တာဗျူးနေရင်း ငြင်းခုံပြီး ဗြုန်းစားကြီး ထပြန်သွားတဲ့ ထရမ့်

အကြောင်းအရာ တစ်ခုကို အငြင်းပွားရာက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အင်တာဗျူး အစီအစဉ် တစ်ခုကနေ ဗြုန်းစားကြီး ထပြန်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Meet The Press

အကြောင်းအရာ တစ်ခုကို အငြင်းပွားရာက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အင်တာဗျူး အစီအစဉ် တစ်ခုကနေ ဗြုန်းစားကြီး ထပြန်သွားခဲ့ပါတယ်။

NBC သတင်းဌာနရဲ့ Sunday’s Meet the Press အစီအစဉ်အတွက် အင်တာဗျူးမှာ ထရမ့်က အမေရိကန် ရွေးကောက်ပွဲတွေအတွင်း မသမာမှုတွေ ရှိနေကြောင်း စွပ်စွဲခဲ့ရာက အငြင်းအခုံတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို အစီအစဉ်မှူး ခရစ္စတန် ဝဲလ်ကာက တန်ပြန် မေးခွန်းတွေ ထုတ်ခဲ့ရာကနေ အခြေအနေတွေ တင်းမာကုန်တာ ဖြစ်ပါတယ်။

ထရမ့်က လက်ရှိ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကျင်းပနေတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေရော၊ ၂၀၂၀ ပြည့်နှစ်မှာ ဂျိုးဘိုင်ဒန်ကို သူအရေးနိမ့်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲပါ မဲမသမာမှု ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ဒေသတွင်း ရွေးကောက်ပွဲတွေမှာ မသမာမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အထောက်အထား ပြနိုင်သလားလို့ မေးတဲ့အခါ ထရမ့်က သူလုပ်နေသမျှဟာ မြင်အောင်ကြည့်ပြီး ကြားအောင် နားထောင်တာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒါက အထောက်အထား မဟုတ်ကြောင်း ဝဲလ်ကာက ထောက်ပြခဲ့တဲ့အခါ ထရမ့်က မီဒီယာတွေဟာ ကလိမ်ကကျစ်တွေလို့ စွပ်စွဲပါတော့တယ်။ နောက်ဆုံးမှာတော့ အင်တာဗျူး ရပ်လိုက်တော့မှာဖြစ်ကြောင်း၊ သူ့အတွက်တော့ လုံလောက်သွားပြီဖြစ်ကြောင်းပြောပြီး ထရမ့်က ထထွက်သွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ အမေရိကန်ရဲ့ လွတ်လပ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေအပေါ် စိမ်းကားပြီး သံသယများတဲ့ ဆက်ဆံရေးမျိုး ရှိသူပါ။ သူက အမေရိကန် မီဒီယာတွေဟာ ဘက်လိုက်ပြီး သူ့ကို ဆန့်ကျင်ရပ်တည်တယ်လို့ မကြာခဏ ထုတ်ပြောဖူးပါတယ်။

NBCနဲ့ အင်တာဗျူးကတော့ ဝစ္စကွန်ဆင် ဒေသခံ လယ်သမားတွေနဲ့ ထရမ့်တို့ တွေ့ဆုံမှုအပြီး အကြီးစား ကောက်ပဲသီးနှံ သိုလှောင်ရုံကြီး တစ်ခုထဲမှာ ပြုလုပ်ခဲ့တာပါ။ နောက်ခံမြင်ကွင်းမှာတော့ ကောက်လှိုင်းတွေ စုပုံထားတာ၊ လယ်ထွန်စက်တွေ ရပ်နားထားတာကို တွေ့ရပါတယ်။

အဲဒီနေ့က အင်တာဗျူးဟာ နည်းပညာပိုင်း ပြဿနာ တချို့နဲ့ အဆောက်အအုံရဲ့ သွပ်မိုးတွေအပေါ် မိုးရွာကျသံတွေ ဆူညံလွန်းနေတာကြောင့် မျှော်လင့်ထားတာထက် နောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။ နောက်တော့ မိနစ် ၅၀ လောက် အကြာမှာပဲ ထရမ့်က အင်တာဗျူးကို ဒုံးတိတိ ဖြတ်ချပြီး ထွက်ခွာသွားတာလို့ NBCက ဆိုပါတယ်။

အင်တာဗျူး အစောပိုင်းမှာတော့ ဝဲလ်ကာက အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ အဓိကထား မေးမြန်းခဲ့ပြီး ထရမ့်က အဲဒီ စစ်ဆင်ရေးဟာ အီရန်မှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်မလာအောင် တားဆီးနိုင်ဖို့ တကယ်ပဲ လိုအပ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားသွားပါတယ်။ နောက်ပြီး အီရန်စစ်ပွဲဟာ အများစိုးရိမ်သလို အဆုံးသတ် မရှိ ရှည်ကြာနေမှာ မဟုတ်ဘူးလို့လည်း ထပ်လောင်း အာမခံခဲ့ပါတယ်။

အငြင်းပွားမှုတွေ ကြုံလာတဲ့ အခါမှာ ထရမ့်က အင်တာဗျူးသူ အမျိုးသမီးကို ကလိမ်ကကျစ် ကျနေတာ၊ ဒါမှမဟုတ်ရင် နုံအလွန်းတာ ဖြစ်လိမ့်မယ်လို့ ဝေဖန်ခဲ့ပြီး အင်တာဗျူးကို အဆုံးသတ်တော့မယ့်အကြောင်း ပြောခဲ့ပါတယ်။ ဝဲလ်ကာက အင်တာဗျူးကို ရှေ့ဆက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ထရမ့်က ကြားဖြတ်ပြောပြီး မိုးသံလေသံတွေကြားမှာ သူဟာ တစ်နာရီလောက် ထိုင်ခဲ့ပြီးပြီ ဖြစ်ကြောင်း၊ လုံလုံလောက်လောက် အချိန်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သူပြောချင်တာ တစ်ခုက မရိုးဖြောင့်တဲ့ သတင်းမီဒီယာတွေ ရှိနေတဲ့ နိုင်ငံမျိုးက ကြီးကျယ် ခမ်းနားလာမှာ မဟုတ်ဘူးဆိုတာဖြစ်ကြောင်း ထပ်မံ ထိုးနှက်ခဲ့ပြန်ပါတယ်။ နောက်တော့ ကင်မရာ နောက်ကွယ်က လူတွေကို လှမ်းခေါ်ပြီး ရိုက်ကွင်းနေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။

အင်တာဗျူးကို ထုတ်လွှင့်အပြီးမှာတော့ ဝဲလ်ကာက သူနဲ့ထရမ့်တို့ နောက်ပိုင်းမှာ ထပ်ပြီး စကားပြောဖြစ်ခဲ့ကြောင်း၊ မိုးသံတွေကြောင့် အဲဒီအင်တာဗျူးမှာ အရှုပ်အထွေးတွေ ဖြစ်ခဲ့တယ်ဆိုတာ နှစ်ဦးစလုံးက သဘောတူခဲ့ကြောင်း၊ နောက်ထပ် အင်တာဗျူး တစ်ခုခုမှာ သူနဲ့ ထပ်တွေ့ဖို့ ထရမ့်က သဘောတူခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အိမ်ဖြူတော်ဖက်ကတော့ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။