သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။
အခုသီတင်းပတ်ထဲမှာ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ညီလာခံမှာ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက သူနဲ့အတူ ဓာတ်ပုံရိုက်ဖို့ အောက်ကျို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သဘောမျိုး ထရမ့်က ပြောကြားခဲ့တာပါ။ ဒါပေမဲ့ မယ်လိုနီကတော့ လူမှုကွန်ရက် မီဒီယာတွေဖြစ်တဲ့ Instagramနဲ့ Xတို့မှာ ဗီဒီယို တစ်ခုကို တင်ခဲ့ပြီး ထရမ့်ရဲ့ စကားကို ပြတ်ပြတ်သားသား ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။
မယ်လိုနီက ထရမ့်ရဲ့ မှတ်ချက် စကားတွေဟာ လုပ်ကြံ ဖန်တီးမှုတွေသာဖြစ်ပြီး သူရော၊ အီတလီ နိုင်ငံကပါ အခုလို အောက်ကျို့တဲ့ ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ကို လာမယ့် သီတင်းပတ်မှာ သွားရောက်မယ့် ခရီးစဉ်ကိုလည်း အီတလီ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို တာဂျနီက ဖျက်သိမ်းခဲ့ပါတယ်။
အီရန်စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်နဲ့ အီတလီတို့ကြားမှာ လအတန်ကြာ တင်းမာမှုတွေ ရှိနေခဲ့ရာက အခုတော့ ပိုရှုပ်ထွေးတဲ့ သံတမန်ရေး အငြင်းပွားစရာမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Public Service Announcement
G7ညီလာခံမှာတုန်းက ထရမ့်နဲ့ မယ်လိုနီတို့ဟာ ရင်းရင်းနှီးနှီး စကားပြောနေတာကို တွေ့ခဲ့ရပြီး အဲဒီနောက်မှာ အီတလီ ဝန်ကြီးချုပ်က သူ့နဲ့ ထရမ့်ကြားက ဆက်ဆံရေးဟာ အပြောင်းအလဲ မရှိသလို အပြန်အလှန် ပုတ်ခတ် ပြောဆိုတာတွေလည်း မရှိဘူးလို့ သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အီတလီ သတင်းဌာန La7 TVနဲ့ ဖုန်းအင်တာဗျူးမှာတော့ ထရမ့်က မယ်လိုနီဟာ သူနဲ့ ဓာတ်ပုံ တွဲရိုက်ချင်လွန်းလို့ ခခယယ တောင်းဆိုခဲ့ကြောင်း၊ အဲဒီအတွက်လည်း သူက စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုသွားပါတယ်။ သူက လက်ခံ စကားပြောခဲ့လို့ မယ်လိုနီက ပျော်သွားပုံ ရတယ်လို့လည်း ထရမ့်က ဆိုပါတယ်။ La7ဟာ ထရမ့်ရဲ့ မူရင်း အင်္ဂလိပ် အသံထွက်ကိုတော့ ထုတ်မပြခဲ့ဘဲ အဲဒီအစား အီတလီ ဘာသာစကား နောက်ခံ အသံနဲ့ အစားထိုးထားခဲ့ပါတယ်။
မယ်လိုနီကတော့ ဒီအကြောင်းကို ကြားမိတဲ့ အချိန်မှာ သူဟာ မယုံနိုင်လွန်းလို့ ကြက်သေ သေသွားမိကြောင်း ဗီဒီယိုထဲမှာ ထည့်ပြောထားပါတယ်။ မဟာမိတ် နိုင်ငံတွေအပေါ် အမေရိကန် သမ္မတ တစ်ဦးက ဘာကြောင့်များ ဒီလိုတွေ ပြုမူနေရသလဲဆိုတာ သူနားမလည်ကြောင်းလည်း မယ်လိုနီက ဆိုပါတယ်။ ပြီးတော့ ထရမ့်ရဲ့ အခုလို လုပ်ပေါက်တွေက ပထမဆုံးအကြိမ် မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ထရမ့် အမြဲတမ်း သတိရနေဖို့လိုတဲ့ တစ်ခုကတော့ သူရော၊ အီတလီပါ ဒါမျိုး တောင်းပန်တိုးလျှိုးတာကို လုံးဝ မလုပ်ဘူးဆိုတာ ဖြစ်ကြောင်း မယ်လိုနီက တုံ့ပြန်သွားပါတယ်။ အိမ်ဖြူတော်ဖက်ကတော့ အီတလီ ဝန်ကြီးချုပ်ရဲ့ စကားနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက် မပေးသေးပါဘူး။
၂၀၂၂ ခုနှစ်မှာ အီတလီ ဝန်ကြီးချုပ် ဖြစ်လာတဲ့ မယ်လိုနီဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတုန်းက ထရမ့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်တဲ့ တစ်ဦးတည်းသော ဥရောပ ခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ထရမ့်နဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး အမေရိကန်နဲ့ ဥရောပကြား ပေါင်းကူး ညှိနှိုင်းပေးမယ့်သူလို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံခဲ့ရဖူးပါတယ်။
ဒါပေမဲ့ မယ်လိုနီဟာ အမေရိကန်ရဲ့ အီရန်စစ်ပွဲ မူဝါဒတွေကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့နောက် ထရမ့်နဲ့ ဆက်ဆံရေး အေးခဲမှုတွေ ရှိလာခဲ့ပါတယ်။ ဧပြီလတုန်းက အင်တာဗျူး တစ်ခုမှာတော့ ထရမ့်က သူဟာ မယ်လိုနီကို သတ္တိရှိတဲ့ အမျိုးသမီးလို့ ထင်ခဲ့ကြောင်း၊ ဒါပေမဲ့ သူ့အတွေးက မှားသွားခဲ့ကြောင်း ထိုးနှက်ခဲ့ပါတယ်။
အငြင်းပွားစရာတွေ ဖြစ်ပေါ်စေတဲ့ ထရမ့်ရဲ့ နောက်ဆုံး အင်တာဗျူး ထွက်ပေါ်လာတဲ့နောက် အီတလီ သမ္မတ ဆာဂျီယို မာတာရယ်လာက မယ်လိုနီဆီ ချက်ချင်း ဖုန်းဆက်ပြီး ဝန်ကြီးချုပ်ကို ယုံကြည် ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အတိုက်အခံတွေ အပါအဝင် အီတလီ နိုင်ငံရေး ရပ်ဝန်း တစ်ခုလုံးလိုလိုကလည်း ဒီကိစ္စမှာ မယ်လိုနီကို ကာကွယ် ထောက်ခံခဲ့ကြပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ် ပါတီရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဖိလစ်ပို ဆန်ဆီက အီတလီ ဝန်ကြီးချုပ် တစ်ဦးအပေါ် ဘယ်သူမှ ဒီလို အထက်စည်းဆန်ဆန် စကားပြောပိုင်ခွင့် မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မယ်လိုနီရဲ့ အီတလီ ညီအစ်ကိုတော်များ ပါတီကို ကိုယ်စားပြုတဲ့ အထက်လွှတ်တော် အစုအဖွဲ့ခေါင်းဆောင် လူစီယို မာလန်က ထရမ့်ရဲ့ အဲဒီ စကားတွေဟာ ဥရောပ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို စော်ကားချိုးဖဲ့တဲ့ အရင်က ပြောဆိုမှုတွေနဲ့ အဓိပ္ပါယ် တူတူပဲ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်သွားပါတယ်။
အီတလီ အစိုးရရဲ့ မဟာမိတ် လီဂါပါတီ အကြီးအကဲ မက်တီယို ဆယ်လ်ဗာနီကတော့ ဝန်ကြီးချုပ်ကို ပုတ်ခတ် တိုက်ခိုက်ခြင်းဟာ သူတို့အားလုံးကို တိုက်ခိုက်လိုက်တာနဲ့ တူတူပဲလို့ ခံယူကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: BBC


















































