Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့သို့ မှတ်ပုံတင်သွားလုပ်သည့် ကနီမြို့နယ်မှ လူငယ်များဖမ်းဆီးခံနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ မှတ်ပုံတင်သွားလုပ်သည့် ကနီးမြို့နယ်မှ လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။

(မုံရွာမြို့ပေါ်တနေရာ၌ စစ်သားတစ်ဦးက ပြည်သူတစ်ဦးအား စစ်ဆေးနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာမြို့ပေါ်တနေရာ၌ စစ်သားတစ်ဦးက ပြည်သူတစ်ဦးအား စစ်ဆေးနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

ဒီဇင်ဘာ ၁၇ရက် နံနက် ၁၀နာရီခန့်က ကနီမြို့နယ်၊ လက်ပံစုရွာမှ မုံရွာသို့ လိုင်းကားဖြင့်လိုက်ပါသွားသော အသက်(၁၈)နှစ်နှင့် အသက်(၁၉)နှစ်အရွယ် လူငယ်အမျိုးသား(၂)ဦးအား မုံရွာမြို့၊ အဝိုင်းပတ်ရှိ စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောသည်။

ထို့အပြင် ရွာသာရွာနှင့် ဝက်ချောင်းကြီးကျေးရွာမှ မုံရွာမြို့သွားသော ကားပေါ်တွင်လည်း အသက် ၁၉ နှစ်၊ ၂၀ နှစ်နှင့် ၂၈ နှစ်အရွယ် ၃ ဦးအပါအဝင် လူငယ်အမျိုးသား ၅ ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူလူငယ်များမှာ မှတ်ပုံတင်ပြုလုပ်ရန်အတွက် မုံရွာမြို့သို့သွားရင်း ဖမ်းဆီးခံလိုက်ရသူများဖြစ်ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီရက်မှာ စကစ က မဖမ်းတော့ နောက်ရက်ကျ အုံလိုက်ကျင်းလိုက်မုံရွာသွား မှတ်ပုံတင် လုပ်ကြတာ။ အဲ့ဒီမှာ စပြီး စစ်မှု့ထမ်းဖို့ ဖမ်းတာ။”ဟုကိုပြည့်အောင်နိုင်က ဆိုသည်။

ကနီမြို့နယ်၌ စစ်ကောင်စီယန္တရားပျက်သွား၍ မှတ်ပုံတင်ပြုလုပ်၍မရသောကြောင့် မှတ်ပုံတင်မဖြစ်မနေလိုအပ်သူများက မုံရွာမြို့ပေါ်အထိ သွားရောက်လုပ်ကိုင်နေရပြီး မှတ်ပုံတင်တစ်ခုလျှင် ကျပ်၈သောင်းမှ တစ်သိန်းခွဲအထိ ကုန်ကျနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်မည့်ရေယာဥ်များပေါ်မှ လူငယ်အများအပြားကိုလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်း​ဆီးခေါ်ဆောင်ခဲ့သေးသည်။

အဘက်ဘက်ကရှုံးနိမ့်နေသော အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဥ်(၈)အား စတင်ရန်ကြိုးစားနေသော်လည်း လူမပြည့်သေး၍ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင်ဒေသအသီးသီး၌ လူငယ်များအား စစ်မှုထမ်းရန်အဓမ္မဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။