Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အနှံ့ မြို့ကြီးတွေမှာ ထရမ့်ကို လူစုလူဝေးနဲ့ ဆန္ဒပြ

အမေရိကန် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တစ်နေ့တည်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တစ်နေ့တည်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ကမှ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နောက်ပိုင်း ထရမ့်အတွက် အပြင်းထန်ဆုံး ရင်လိုင်လာရတဲ့ လူထု ဆန့်ကျင်မှုလည်း ဖြစ်ပါတယ်။ Hands Off လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုကို ဦးဆောင်သူတွေဟာ အမေရိကန်ရဲ့ ပြည်နယ်ပေါင်း ၅၀ လုံးမှာ နေရာပေါင်း ၁၂၀၀ လောက် ဖြန့်ကျက်ပြီး လူစုလူဝေးနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ ဧပြီလ ၅ ရက်နေ့တုန်းက ဘော်စတွန်၊ လော့စ်အန်ဂျလိစ်၊ ဝါရှင်တန်ဒီစီ၊ ချီကာဂို၊ နယူးယောက်နဲ့ တခြားမြို့ကြီးတွေ အများအပြားမှာ စုဝေး ချီတက်ခဲ့တာ ဖြစ်ပါတယ်။ ထရမ့်အစိုးရရဲ့ လူမှုရေးကနေ စီးပွားရေးထိ ပြောင်းလဲ ကျင့်သုံးနေတဲ့ မူဝါဒတွေဟာ အမေရိကန် ပြည်သူတွေကြားမှာ စိတ်ပျက်စရာတွေ ဖြစ်လာစေပါတယ်။

ထရမ့်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လှုပ်လှုပ်ခတ်ခတ် ဖြစ်စေမယ့် သွင်းကုန် စည်းကြပ်ခွန် မူဝါဒတွေကို ကြေညာခဲ့ပြီး ရက်ပိုင်းအကြာမှာတော့ အခုလို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ထရမ့်ကို ဆန္ဒပြမှုတွေဟာ အမေရိကန်ရဲ့ ပြင်ပထိ ပျံ့နှံ့ပြီး လန်ဒန်၊ ပါရီ၊ ဘာလင်စတဲ့ မြို့ကြီးတွေမှာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ အခွန်စည်းကြပ်မှု စည်းမျဉ်းသစ်တွေက အမေရိကန်ရဲ့ ပြည်တွင်း ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်မယ်လို့ ထရမ့်က ကြွေးကြော်ထားပေမယ့်လည်း နိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးသွားတာ၊ ပြည်တွင်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာမျိုး ပြဿနာတွေကို ရင်ဆိုင်ရနိုင်ကြောင်း သတိပေးမှုတွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ သမ္မတသက်တမ်းကို ဒုတိယအကြိမ် ထမ်းဆောင်တာ ရက် ၁၀၀ တောင် မပြည့်သေးပေမယ့်လည်း တချို့သော လူထုအမြင် စစ်တမ်းတွေမှာ ထောက်ခံနှုန်း သိသိသာသာ ထိုးကျလာနေတယ်လို့လည်း ဆိုပါတယ်။

ထရမ့်ရဲ့ မူဝါဒတွေထဲမှာ အမေရိကန်ရောက် တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေကို ဖမ်းဆီးပြီး နယ်နှင်ရေးကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဥပဒေ ကျောင်းသူ တစ်ဦးဖြစ်တဲ့ ကေတီစမစ်သ်ကတော့ ပြီးခဲ့တဲ့ လတုန်းက ဘော်စတွန်မှာ တူရကီ နိုင်ငံသား တက္ကသိုလ် ကျောင်းသား တစ်ယောက်ကို မျက်နှာဖုံးဝတ် အမေရိကန် ထောက်လှမ်းရေး အေးဂျင့်တွေက အဓမ္မ ဖမ်းဆီးတဲ့ မှတ်တမ်း ဗီဒီယိုကို မြင်ခဲ့တဲ့နောက် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ကြောင်း ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ထရမ့်နဲ့ အပေါင်းအပါတွေက ရူးသွပ်နေပြီ၊ ပြည်သူတွေကို အမဲလိုက်နေတာမျိုး မလုပ်နဲ့၊ ကနေဒါ၊ ဂရင်းလန်နဲ့ ယူကရိန်းတို့ကို မထိပါးနဲ့ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ပါတယ်။ ဒါဟာ ထရမ့်က ဂရင်းလန်နဲ့ ကနေဒါတို့ကို အမေရိကန် ပိုင်နက်ထဲ ထည့်သွင်းလိုကြောင်း နိမိတ်ပြ ပြောဆိုခဲ့တာတွေကို တုံ့ပြန်တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ရုရှား-ယူကရိန်း စစ်ပွဲတလျှောက် အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် ဖြစ်ခဲ့တဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့လည်း လူသိရှင်ကြား စကားများခဲ့ပါတယ်။

ဝါရှင်တန် ဒီစီမှာတော့ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေကို အတိုက်အခံ ဒီမိုကရက်တစ် ပါတီရဲ့ အမတ်တွေက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဖလော်ရီဒါ လွှတ်တော်အမတ် မက်စ်ဝဲလ် ဖရော့စ်ကတော့ ထရမ့်အပြင် သူ့ရဲ့ နိုင်ငံရေး မဟာမိတ် အီလွန်မတ်စ်ကိုပါ ရည်ရွယ်ပြီး အစိုးရကို ဘီလီယံနာ သူဌေးတွေက ထိန်းချုပ်ပြီး ထင်တိုင်းကြဲနေတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာ ထရမ့်ဟာ လူမြင်ကွင်းရှေ့ ထွက်တဲ့ အခမ်းအနားတွေကို ရောက်မနေခဲ့ဘဲ ဖလော်ရီဒါမှာပဲ စနေ၊ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်စလုံး ဂေါက်ရိုက်နေခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ထရမ့်ရဲ့ မူဝါဒတွေကို ကာကွယ် ရပ်တည်ခဲ့ပြီး ဒီမိုကရက်တစ်တွေရဲ့ မူဝါဒတွေကသာ အမေရိကန်ရဲ့ ကောင်းကျိုးချမ်းသာအတွက် အမှန်တကယ် ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ စွပ်စွဲ ကြေညာခဲ့ပါတယ်။

ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒဆိုင်ရာ အဓိက အကြံပေး အရာရှိ တစ်ဦးဖြစ်တဲ့ တွမ်ဟိုမန်းကတော့ ဆန္ဒပြပွဲတွေ၊ စုဝေးချီတက်မှုတွေက ဘာမှ အရေးမပါဘူးလို့ ပြောပါတယ်။ ဆန္ဒပြသူတွေက နယူးယောက်မှာရှိတဲ့ သူ့ရဲ့ နေအိမ်နားမှာ လူစုခဲ့ပေမယ့် အဲဒီတုန်းက သူဟာ ဝါရှင်တန်ဒီစီကို ရောက်နေခဲ့တယ်လို့ ဟိုမန်းက ဆိုပါတယ်။ ဆန္ဒပြကြတဲ့ သူတွေဟာ အိမ်အလွတ်ကြီးကို သူတို့ စိတ်တိုင်းကျ ဆန္ဒပြနိုင်ပါတယ်လို့လည်း သူက လှောင်ပြောင်သွားပါတယ်။

နောက်ပြီး ဆန္ဒပြမှုတွေကြောင့် တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းတွေဟာ အပို လုံခြုံရေး တာဝန်တွေ ယူပေးရပြီး အရေးကြီးတဲ့ အလုပ်တွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့လည်း ဟိုမန်းက ဝေဖန်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။