ဇူလိုင်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသရဲ စခန်းကို ကာကွယ်ရေးတပ်များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
ဇူလိုင် ၃၀ ရက် နံနက် ၄ နာရီ မိနစ် ၅၀ တွင်ရဲစခန်းဘန်ကာများကိုအပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး တညောင်ရဲစခန်းတစ်ခုလုံးကို မီရှို့ဖျက်ဆီးခဲ့သည်ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။
တိုက်ပွဲတွင် စစ်ကောင်စီရဲတပ်သားရှစ်ဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိကာ G3 ငါးလက်၊MA 13 တစ်လက်နှင့်ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
“မိသားစုဝင်၊အစောင့်၊ရခ အာလုံး ၃၀ ဝန်းကျင်ရှိတယ်။ရဲစခန်းနဲ့ တညောင် ဓာတ်အားခွဲရုံ(စစ်ကောင်စီတပ်သားများတပ်စွဲထားရာနေရာ)ကိုပါ ဖြတ်တောက်ရေးပွိုင့် ၃ ပွိုင့်ခွဲပြီး ခွဲရုံကိုပါတိုက်ခိုက်တယ်။အဓိက စစ်ရေးရည်မှန်းချက်က ရဲစခန်းပါ။ခွဲရုံက စစ်ကူမလာနိုင်ရေးအတွက်ဖြတ်တောက်တာမျိုးပါ”ဟု တညောင်ရဲစခန်းသိမ်းပိုက်ခဲ့သည့်ဖြစ်စဥ်ကို စလင်းပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
တညောင်ရဲစခန်းနှင့်တညောင်ဓာတ်အားခွဲရုံသည် နှစ်ဖာလုံ(ပေ ၁၂၀၀)ကျော်အကွာအဝေးရှိသည်။ကျန်ရှိသောရဲတပ်ဖွဲ့ဝင်များသည် တညောင်လျှပ်စစ်ဓာတ်အားခွဲရုံသို့ ထွက်ပြေးသွားကြောင်းသိရသည်။
“ဓာတ်အားခွဲရုံမှာက စကစ တပ်သားတွေရှိတယ်။အင်အား ၆၀ နဲ့ ၁၀၀ လောက်ရှိတယ်။ရဲစခန်းမှာကစကစရဲအင်အား၂၀ လောက်ရှိတယ်”ဟု စလင်းမြိုမှစစ်ရေးသတင်းရင်းမြစ်ကလူထုနွေဦးသို့ ပြောသည်။
တညောင်ဒေသသည်စလင်းမြို့နယ်အထက်ပိုင်းတွင်ရှိကာ ဆိပ်ဖြူမြို့နယ်ရှိ ကပစ (၂၀၊ ၂၁၊ ၂၅) နှင့် ဆိပ်ဖြူမြို့အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) များသို့ အဓိက ဓာတ်အားပေးသည့် ဓာတ်အားခွဲရုံ ရှိသည်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)သည် လေတပ်သုံးဗုံးများထုတ်ပြီးအမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )သည် လက်နက်များထုတ်ကာဆိပ်ဖြူမြို့နယ်တွင် အခြေစိုက်ထားသည်။
အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၅)သည် ကျည်ဆန်နှင့် လေကြောင်းရန်ကာ ကွယ်ရေးလက်နက်ကြီးများထုတ်လုပ်သည့် လောင်းရှည်မြို့တွင်ရှိသည်။
စလင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ စိုး မိုးထားသည့် သို့မဟုတ် ထိန်းချုပ်ရာ စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို စစ်ကောင်စီက ယခုနှစ်စပိုင်းကတည်းက အင်အားရာနှင့်ချီသုံး၍ စစ်ထိုးခဲ့သည်။
လက်ရှိတွင်လည်းစလင်း-ဆင်ဖြူကျွန်း လမ်းပိုင်း ကို သံချပ်ကာနှင့်တင့်ကားယာဥ်အချို့ဖြင့်ပါ စစ် ကြောင်းထိုးနေ၍ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်ကောင်စီကပခုက္ကူမြို့အခြေစိုက်တပ်မ (၁၀၁) နှင့် မကွေးမြို့အခြေစိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅) တပ်ရင်းများကိုအသုံးပြုထားကြောင်း မြေပြင်ရဲဘော်အချို့က ဆိုသည်။
မကွေးတိုင်းအနောက်ဘက်ခြမ်းရှိ စလင်းမြို့နယ်သည် ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နှင့် စေတုတ္တရာမြို့နယ်တို့နှင့်ထိစပ်နေသည်။


















































