Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်မှာ ပါကစ္စတန်နဲ့ အာဖဂန်တပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွား

နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်တို့ကြား ရင်ဆိုင် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်တို့ကြား ရင်ဆိုင် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန် တပ်ဖွဲ့တွေက ပါကစ္စတန်ရဲ့ နယ်ခြားစောင့် ကင်းစခန်းတွေကို အောက်တိုဘာ ၁၁ ရက်နေ့မှာ တိုက်ခိုက်ခဲ့ရာက တိုက်ပွဲတွေ စတင်ခဲ့တာလို့ နှစ်ဖက်စလုံးက အတည်ပြုပါတယ်။ ဒါဟာ အခုသီတင်းပတ်ထဲမှာ အာဖဂန်ရဲ့ မြို့တော် ကဘူးလ်မှာ ပါကစ္စတန်က လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီးတဲ့ နောက်ဆက်တွဲ အခြေအနေ အဖြစ် ပေါ်ပေါက်လာတာပါ။

ပါကစ္စတန်က အာဖဂန်ဖက်က တိုက်ခိုက်မှုဟာ အကြောင်းမဲ့ ရန်စတဲ့ လုပ်ရပ်လို့ စွပ်စွဲပြီး အင်အားအပြည့်နဲ့ တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။ အနည်းဆုံး နယ်စပ်နေရာ ၆ ခုလောက်မှာ နှစ်ဖက်ကြား ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အာဖဂန်ရော၊ ပါကစ္စတန်ကပါ အတည်ပြုထားပါတယ်။

တာလီဘန်တွေက ပါကစ္စတန်ရဲ့ နယ်ခြား ကင်းစခန်း ၃ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပြီး ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကတော့ အာဖဂန် ကင်းစခန်း တချို့ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

တာလီဘန် လက်အောက်ခံ အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီနာယတ်တူလာ ခိုဝါရက်ဇ်မီကတော့ ပါကစ္စတန်က အာဖဂန် လေပိုင်နက်ကို ထိပါးကျူးကျော်ခဲ့တဲ့ လုပ်ရပ်အတွက် အခုစစ်ဆင်ရေးနဲ့ လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ပြောပါတယ်။ နှစ်ဖက်ကြားက တိုက်ပွဲတွေဟာ အောက်တိုဘာ ၁၁ ရက် ညသန်းခေါင်မှာ ရပ်တန့်သွားတယ်လို့လည်း သူက ဆိုပါတယ်။

ပါကစ္စတန်ကသာ အာဖဂန်ရဲ့ အချုပ်အခြာ အာဏာ လေပိုင်နက်ကို စတင်ထိပါး ကျူးကျော်ခဲ့တာ ဖြစ်ကြောင်း၊ အာဖဂန် အနေနဲ့ လေပိုင်နက်ကို ကာကွယ်ပိုင်ခွင့် ရှိသလို နောက်တစ်ခါ ဒါမျိုးထပ်ကြုံလာရင်လည်း ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်မှာဖြစ်ကြောင်း ခိုဝါရက်ဇ်မီက သတိပေးသွားပါတယ်။

ပါကစ္စတန်က အာဖဂန်မှာရှိတဲ့ တာလီဘန်တွေဟာ ပါကစ္စတန် အစိုးရကို တိုက်ခိုက်နေတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲကို ခိုလှုံခွင့် ပြုထားကြောင်း စွပ်စွဲခဲ့ပါတယ်။ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ အိန္ဒိယ အစိုးရကလည်း အကူအညီ ပေးနေတယ်လို့ ပါကစ္စတန်က ပြောပေမယ့် အိန္ဒိယကတော့ အတိအလင်း ငြင်းဆိုထားပါတယ်။ တာလီဘန်တွေကလည်း တခြားနိုင်ငံ အစိုးရ တစ်ခုခုကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေကို ခိုလှုံခွင့် ပေးမထားဘူးလို့ ဖြေရှင်းထားပါတယ်။

ပါကစ္စတန် စစ်ဘက်ရဲ့ အဆိုအရ အခု သီတင်းပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုဟာ ကဘူးလ်မြို့ထဲမှာ ရှိနေတဲ့ ပါကစ္စတန် တာလီဘန် ခေါင်းဆောင် တစ်ဦးရဲ့ ယာဉ်ကို ပစ်မှတ်ထားခဲ့တာလို့ သိရပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ပစ်မှတ်ဖြစ်သူက အသက်ရှင်ခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ပါကစ္စတန်က အာဖဂန်မှာ တာလီဘန်တွေရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်လို့ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးလာနေပြီလို့လည်း ခြိမ်းခြောက်ထားပါတယ်။

အခုသီတင်းပတ်ထဲမှာပဲ တာလီဘန် နိုင်ငံခြားရေး ဝန်ကြီးဟာ အိန္ဒိယကို အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်မှာ အာဖဂန်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့နောက်ပိုင်း တာလီဘန် ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးရဲ့ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာသလို အိန္ဒိယနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့လည်း သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ အဲဒီ အခြေအနေကလည်း ပါကစ္စတန်အတွက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာစေကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေကို လှောင်ပြောင်သရော်တဲ့ ပိုးဟပ်ပါတီ နိုင်ငံရေး လှုပ်ရှားမှုဟာ အိန္ဒိယကနေ ပါကစ္စတန်ကို ကူးစက်သွားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ စစ်လေယာဉ်တွေ အမေရိကန် တိုက်ခိုက်ဖျက်ဆီးတာ ခံရမှာစိုးလို့ ပါကစ္စတန်က လက်ခံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ CBS သတင်းဌာနက ပါကစ္စတန်ဟာ နိုင်ငံရဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေမှာ အီရန် စစ်လေယာဉ်တွေ ပြောင်းရွှေ့ အခြေစိုက်မှုကို လက်ခံပေးထားတာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ပါကစ္စတန်ဟာ အီရန်နဲ့...