Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ်တင်သင်္ဘော တည်နေရာကို ပြင်သစ် ရေတပ် အရာရှိတစ်ဦး မတော်တဆ ပေါက်ကြားမိစေခဲ့

ပြင်သစ် လေယာဉ်တင် သင်္ဘောရဲ့ တည်နေရာကို ရေတပ်သား တစ်ဦးက မတော်တဆ ဖော်ပြမိခဲ့တဲ့ ဖြစ်စဉ်ကို ရေတပ်က စုံစမ်းစစ်ဆေးနေပါတယ်။

ပြင်သစ် လေယာဉ်တင် သင်္ဘောရဲ့ တည်နေရာကို ရေတပ်သား တစ်ဦးက မတော်တဆ ဖော်ပြမိခဲ့တဲ့ ဖြစ်စဉ်ကို ရေတပ်က စုံစမ်းစစ်ဆေးနေပါတယ်။

အာသာလို့သာ နာမည်ဖော်ပြထားတဲ့ အရာရှိဟာ ပြင်သစ် ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီး တည်ရှိနေတဲ့ နေရာကို မတ်လ ၁၃ ရက်နေ့က ဖော်ပြမိခဲ့တဲ့ အကြောင်းကို ပြင်သစ် သတင်းဌာန Le Monde က စတင် ထောက်ပြခဲ့ပါတယ်။

အာသာဟာ အဲဒီနေ့က Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးရဲ့ ကုန်းပတ်ပေါ်မှာ ၃၅ မိနစ်ကြာအောင် အပြေးလေ့ကျင့်ခဲ့ပါတယ်။ ပြီးတော့ သူက အဲဒီ လေ့ကျင့်မှု မှတ်တမ်းကို စမတ် လက်ပတ်နာရီနဲ့ ချိတ်ဆက်ထားတဲ့ အားကစား app တစ်ခုဖြစ်တဲ့ Stravaကနေတဆင့် လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပါတယ်။

အဲဒီလို ဝေမျှတဲ့အခါ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ရှိနေတဲ့ လေယာဉ်တင် သင်္ဘောရဲ့ တည်နေရာ အတိအကျကိုပါ ဖော်ပြထားပြီး ဖြစ်သွားပါတယ်။ Charles de Gaulleဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ လက်ရှိ စစ်ရေး တင်းမာမှုတွေကြောင့် မြေထဲပင်လယ်မှာ ဖြန့်ကျက်ထားတဲ့ ပြင်သစ် စစ်သင်္ဘော အုပ်စုကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြင်သစ် စစ်တပ်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်သလို မီဒီယာတွေမှာ ဖော်ပြထားတဲ့ ကိစ္စက မှန်ကန်ခဲ့ရင် သင့်တော်တဲ့ အရေးယူ ကိုင်တွယ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

မတ်လ ၁၃ ရက်နေ့က ပေါက်ကြားလာတဲ့ အချက်အလက်အရ Charles de Gaulle ဦးဆောင်တဲ့ ပြင်သစ် စစ်သင်္ဘော အုပ်စုဟာ ဆိုက်ပရပ် အနောက်မြောက်ပိုင်း၊ တူရကီ ကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၁၀၀ လောက် အကွာမှာ ရှိနေခဲ့ပါတယ်။

အာသာဟာ သူ့အမှားကို သတိပြုမိလို့ သူ့ရဲ့ လေ့ကျင့်မှု မှတ်တမ်းကို လူမှုကွန်ရက်ပေါ်ကနေ ပြန်ဖျက်သွားခဲ့ပြီး ဖြစ်ပါတယ်။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက Charles de Gaulleဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ရှိနေတဲ့ ပြင်သစ်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေအပေါ် တိုက်ခိုက်လာမှုတွေကနေ ဟန့်တားကာကွယ်ဖို့ ရောက်ရှိနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ သင်္ဘောပေါ်မှာ တိုက်လေယာဉ် အစီး ၂၀ ဝန်းကျင်၊ ကင်းထောက်လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၃ စီးကို တင်ဆောင်လာတယ်လို့ ယုံကြည်ရပါတယ်။

လေယာဉ်တင် သင်္ဘောတွေဟာ စစ်ဆင်ရေး ကာလတွေမှာ ရန်သူရဲ့ ပစ်မှတ်ထားခြင်းကို ခံရမှာ စိုးရိမ်တဲ့အတွက် တည်နေရာ အတိအကျကို မပေါက်ကြားအောင် အထူးသတိထားလေ့ ရှိပါတယ်။

ပြင်သစ်မှာ လုံခြုံရေးအရ အရေးကြီးတဲ့ အချက်အလက်တွေဟာ မိုဘိုင်း appကြောင့် ပေါက်ကြားခဲ့တာ အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ သမ္မတ အီမန်နျူရယ်လ် မာခရွန်ရဲ့ သက်တော်စောင့် တစ်ဦးဟာ သူဝေမျှထားတဲ့ လူမှုကွန်ရက် ပို့စ်ကြောင့် သမ္မတရဲ့ တည်နေရာ ပေါက်ကြားသွားမှုတချို့ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ်တုန်းကလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ လျှို့ဝှက်အေးဂျင့်တွေရဲ့ အလားတူ အမှားကြောင့် သမ္မတ ဘယ်နေရာ ရောက်နေသလဲ ဆိုတာ ပေါက်ကြားတဲ့ ဖြစ်စဉ်တချို့ ရှိခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။