Connect with us

Hi, what are you looking for?

အတွေးအမြင်

ဗုဒ္ဓနေ့မှာ ဘုရားဒါယကာမျက်နှာဖုံးစွပ်လူလိုက်သတ်ခဲ့တဲ့ အာဏာသိမ်း​ခေါင်း​ဆောင်

ဘုရားဒါယိကာကြီးအဖြစ်ပုံဖော်လိုတဲ့ သမ္မတဘွဲ့ခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့်ကို မနေ့က ကဆုန်လပြည့်‌ နေ့မှာ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

-ယောနသံ/People’s Spring

ဘုရားဒါယိကာကြီးအဖြစ်ပုံဖော်လိုတဲ့ သမ္မတဘွဲ့ခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့်ကို မနေ့က ကဆုန်လပြည့်‌ နေ့မှာ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာ သတ္တဝါတစ်ဦးတစ်ယောက်မှအစ သတ္တဝါအများနေထိုင်ရာ လောကကြီးမှာ ဓမ္မတရားထွန်းပရေး၊အဓမ္မတရားများဖယ်ရှားနိုင်ရေးတို့အတွက်ဖြစ်ကြောင်း မှတ်သားမိတယ်လို့အခမ်းအနားမှာ ရောက်ရှိနေတဲ့ ဘုန်းတော်ကြီးတွေကိုသူက လျှောက်တင်ခဲ့သေးတာပါ။ ရေးပြီးသားစာကို ဖြောင့်တန်းအောင်မဖတ်နိုင်တဲ့ အာဏာသိမ်းခေါင်းဆောင်ဟာ ကျက်သ​ရေယုတ်လှတဲ့မျက်နှာပေးနဲ့ လက်အုပ်ချီပြီး ပြောနေတာပါ။

ထေရဝါဒဗုဒ္ဓသာသနာဟာ သီလလုံဖို့နဲ့ စိတ်ကောင်းရှိဖို့အဆုံးအမတွေနဲ့အတူ သူတစ်ပါးအသက်သတ်ဖြတ်ခြင်းကို အထူးတားမြစ်ထားပါတယ်။ ဒါပေမယ့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ တစ်ချိန်တည်းမှာပဲ အရပ်သားပြည်သူတွေအစုလိုက်အပြုံလိုက်သေဆုံးစေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အမိန့်တွေပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဗုဒ္ဓနေ့” (Buddha Day)အဖြစ် အရပ်သားပြည်သူတွေက ကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ ကဆုန်လပြည့်နေ့မှာ စစ်တပ်က ပုံမှန်ထက်ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကဆုန်လပြည့်​နေ့မှာ မနက်ပိုင်းကစ ညပိုင်းအထိ မကွေးတိုင်ထဲက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ချင်းပြည်နယ်က မင်းတပ်နဲ့ ကျင်ဒွေးမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ဒီပဲရင်း၊ကနီနဲ့ယင်းမာပင်မြို့နယ်၊ ဧရာဝတီတိုင်းထဲကလေးမျက်နှာမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

ကနီ နဲ့ ယင်းမာပင်နယ်စပ်ရွာတွေဖြစ်တဲ့ ချောင်းမရွာနဲ့ဇီးပင်တွင်းရွာကို မြေပြင်ကနေစစ်ကြောင်းထိုးပြီး လေကြောင်းကနေဗုံးကြဲဖြစ်စဉ်မှာ ဒဏ်ရာရသူခုနစ်ဦးထက်မနည်းရှိခဲ့ပြီး သုံးဦးသေဆုံးခဲ့ပါတယ်။ ဂန့်ဂေါ၊ ထီးလင်းနဲ့ဆောမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံပြည်သူတွေရဲ့‌ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဧပြီလ ၂၉ရက်နေ့ကဗုံးကြဲတိုက်ခိုက်ခဲ့လို့တံတားဆောက်လုပ်ရေးလုပ်သား ကိုးဦးသေဆုံးခဲ့တဲ့ကျင်ဒွေးမြို့ကို လည်း ထပ်မံဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်မှုတွေထပ်ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ လေးမျက်နှာမြို့နယ်မှာတော့ ညဘက် လသာနေချိန် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ငယ်သံပါအောင် ပျံသန်းနေခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်နေပေမယ့် ကဆုန်လပြည့်နေမှာ နေရာအစုံကို သိသိသာသာအရှိန်မြှင့်ပြီး ဗုံးကြဲတာဖြစ်ပါတယ်။

“ဘုရားဒါယိကာရူး၊သမ္မတရူး ဘီလူး”လို့လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အညာဒေသ ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတော်အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း အရပ်သားပြည်သူတစ်သောင်းကျော်ကိုသတ်ဖြတ်ခဲ့တဲ့စစ်တပ်က ၎င်းတို့ထိန်းချုပ်နိုင်ခြင်းလုံးဝမရှိတော့တဲ့မြို့နယ်၆၀ကို ဧပြီလ ၂၃ရက်ညမှာ အရေးပေါ်အခြေအနေကြေညာပြီး နောက်ထပ်ကျူးလွန်မယ့် စစ်ရာဇဝတ်မှုတွေအတွက် ကောက်ကျစ်တဲ့ သားရဲတစ်ကောင်လို အစွယ်တဖွေးဖွေး လှစ်ဟပြသထားပါတယ်။

ကဆုန်လပြည့်နေ့ မတိုင်ခင်ရက်အနည်းငယ်အတွင်းမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း နဲ့စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်က မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ အရပ်သားပြည်သူတွေကိုသတ်ဖြတ်ဖို့လက်ယဥ်နေတဲ့ စစ်တပ်က ဘာသာရေးအဆုံးအမအရ နေ့ထူးနေ့မြတ်မှာမှ ပိုပြီး အစားကြူးတဲ့ ဘီလူးတစ်ကောင်လို ဖြစ်နေတာပါ။

အာဏာယစ်မူးပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့စစ်ခေါင်းဆောင်ဟာ စိတ်ပိုင်းဆိုင်ရာပုံမှန်အခြေအနေမဟုတ်တော့တဲ့အထိ အကြောက်တရားကြီးစိုးနေပုံရတယ်လို့ ရန်ကုန်မြို့က ကျောင်းထိုင်ဆရာတော်တစ်ဦးကမိန့်ကြားပါတယ်။

​ဧပြီ ၃၀ က ပြုလုပ်တဲ့ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့်မှာ အာဏာသိမ်းခေါင်းဆောင်က ယုတ္တိမရှိတဲ့ ဆုတောင်းစကားပြောခဲ့မှုအပေါ် မှတ်ချက်ပြုမိန့်ကြားတာဖြစ်ပါတယ်။

ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး နေလိုလလိုထွန်းလင်းတောက်ပနိုင်ရေးအတွက် သူပြုသမျှသော ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကောင်းမှုအစုအဖြာဖြာဟာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်းဖြစ်ပါစေလို့စစ်ခေါင်းဆောင်က ဆုတောင်းခဲ့တာဖြစ်ပါတယ်။အဲဒီလိုဆုတောင်းနေရင်းမှာပဲ ဗုဒ္ဓနဲ့ ထေရဝါရဗုဒ္ဓသာသနာရဲ့အဆုံးအမတွေကိုဆန့်ကျင်ပြီး လူသတ်ပွဲ ကျင်းပနေတာဖြစ်ပါတယ်။

ထေရဝါဒ ဗုဒ္ဓသာသနာတော်ရဲ့ အနှစ်ချုပ်အဆုံးအမဟာ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား” ဆိုတဲ့ လမ်းညွှန်ချက်ပေါ်မှာအဓိကမူတည်ပါတယ်။ဗုဒ္ဓက အခြေခံကျကျ လိုက်နာကျင့်သုံးရမယ့် အချက်သုံးချက်ကို ဟောကြားခဲ့ပါတယ်။

သီလ – ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း။ သမာဓိ – စိတ်ကို တည်ငြိမ်အောင် ထားခြင်း။ ပညာ -အမှန်တရားကို သိမြင်ခြင်းလို့ ဗုဒ္ဓကျမ်းဂန်တွေမှာဖော်ပြထားပါတယ်။

ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓရဲ့အဆုံးအမတွေကို မမြင်မကြားနိုင်လောက်အောင်မှောင်မိုက်ပြီး အရပ်သားပြည်သူတွေကိုအငြိုးတကြီးသတ်ဖြတ်‌နေတဲ့ အာဏာသိမ်းခေါင်းဆောင်ကသူဆုတောင်းသလို သူပြုသမျှအတွက်မဂ်ဖိုလ်နိဗ္ဗာန်ကိုမရောက်ဘဲ စစ်ခုံရုံးပေါ်ရောက်လာလိမ့်မယ်လို့ လူထုနဲ့တော်လှန်ရေးအင်အားစုတွေကယုံကြည်နေပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာ​ကြောင်းရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သရော်စာ

ဟောဒီက မောင်သျှားလည်း မီဒီယာသမားပါပဲ။သို့ပေတဲ့ ဒီတစ်ခေါက် Time မဂ္ဂဇင်းနဲ့ နိုင်ငံတော်ဇွတ်သမ္မတ အမှုမှာတော့ သူ့ဟာသူ အာဏာရှင်မကလို့ အာဏာရှင့်ဖအေဖြစ်နေပါစေ မအလဘက်က မောင်သျှား အပြည့် အဝ ရပ်တည်တယ်။

အတွေးအမြင်

ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။ ခက်တာက "ဗလကြည့်တော့ ဝတ်ရုံတော်နဲ့မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ"ဆိုတာမျိုး ဖြစ်နေလေရဲ့။

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Facebook