-ဆောင်းရေးသားသည်။
တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။
’Healthocide’ ဆိုတဲ့စကားဖြစ်ပြီး’ ကျန်းမာရေးကဏ္ဏကို လုပ်ကြံသတ်ဖြတ်ခြင်း’လို့ဘာသာပြန်ရမယ်ထင်ပါတယ်။
Health (ကျန်းမာရေး)နဲ့ Homicide (သတ်ဖြတ်ခြင်း)ဆိုတဲ့စာကားလုံးနှစ်လုံးကိုပေါင်းစပ်ထားတာပါ။အဓိပ္ပါယ်ကတော့စစ်ပွဲနဲ့ပဠိပက္ခတွေမှာကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အဦတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်တာဖြစ်ပါတယ်။ဆေးရုံးတွေ၊ဆေးခန်းတွေကိုဗုံးကြဲတာ၊လူနာတင်ကားတွေကိုပစ်ခတ်တာ၊ဆရာဝန်၊သူနာပြုနဲ့ကြက်ခြေနီတွေကိုတိုက်ခိုက်တာ၊ဆေးဝါးနဲ့ကျန်းမာရေးဆိုင်ရာအထောက်အပံ့လမ်းကြောင်းတွေကိုပိတ်ဆို့ချေမှုန်းတာ၊ဇီဝလက်နက်တွေသုံးစွဲတာတွေဖြစ်ပါတယ်။

Public Service Announcement
လူသားမဆန်တဲ့စစ်ရာဇဝတ်မှုတွေထဲမှာအကြီးမားဆုံးပြစ်မှုတစ်ခုဖြစ်ပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့စစ်ပွဲတိုင်းလိုလိုမှာဒီလုပ်ရပ်တွေကိုတွေ့နေရတာပါပဲ။လက်ရှိရုရှ-ယူကရိန်းစစ်ပွဲ၊အစ္စရေး -ဟားမာ့စ် (ဂါဇာ)၊လက်ဘနွန်၊အမေရိကန် -အစ္စရေးနဲ့အီရန် ၊မြန်မာပြည်တွင်းစစ်တွေအထိ ဒီပြစ်မှုတွေ ကိုတွေ့နေရပါတယ်။
စစ်ရေးမှာအနိုင်ရဖို့အတွက်တစ်ဖက်ရန်သူရဲ့အားအနည်းဆုံးနေရာကိုထိုးနှက်တာပါ။နယ်မြေထိန်းချုပ်ဖို့တိုက်ခိုက်ရုံမဟုတ်တော့ပဲလူ့အဖွဲ့အစည်းတစ်ခုလုံးကိုအမြစ်ဖြုတ်ဖို့လုပ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလ၂ရက်နေ့ကအမေရိကန်နဲ့အစ္စရေးလေတပ်ဟာအီရန်ရဲ့သက်တမ်း၁၀၆နှစ်ရှိပြီဖြစ်တဲ့ Pasteur Instituteကိုဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။၁၉၂၀မှာစတင်တည်ထောင်ခဲ့တဲ့Pasteur Institute ဟာကာကွယ်ဆေးတွေစပ်းသပ်ထုတ်လုပ်ရာ၊ကူးစက်ရောဂါတွေကိုစုံးစမ်းစစ်ဆေးရာ၊အရှေ့အလယ်ပိုင်းဒေသက ရောဂါအမျိုးမျိုးကိုသုတေသနပြုရာအင်စတီကျုဖြစ်ပါတယ်။
ပြောရရင်တော့အီရန်ပြည်သူ့ကျန်းမာရေးအတွက်အရေးကြီးတဲ့အခြေခံအဆောက်အဦဖြစ်ပါတယ်။ အီရန်ရဲ့ဘာသာရေးအစွန်းရောက်အာဏာရှင်ကိုထောက်ခံနေခြင်းမဟုတ်ပါဘူး။သူတို့ဟာလည်း လူသတ်သမားတွေဖြစ်ပါတယ်။ဒါပေမယ့်သာမန်ပြည်သူတွေရဲ့ကျန်းမာရေးကိုပစ်မှတ်ထားပြီး တိုက်ခိုက်တာဟာမယဉ်ကျေးပါဘူး။
စစ်ပွဲမှာဒီလိုခါးအောက်ပိုင်းကိုထိုးနှက်တာဟာသမိုင်းမှာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။နောက်ဆုံးအကြိမ်လည်းမဟုတ်လောက်ပါဘူး။
၁၃၄၆ခုနှစ်တုန်းကကရိုင်းမီးယားဒေသကအရေးပါတဲ့ပင်လယ်ကမ်းခြေမြို့တစ်မြို့ဖြစ်တဲ့ Kaffa မြို့ကိုမွန်ဂိုစစ်သည်တွေသိမ်းပိုက်ဖို့လုပ်ခဲ့ပါတယ်။မြို့ရဲ့ခံစစ်ကအရမ်းတောင့်တင်းပါတယ်။လနဲ့ချီပြီးကြာပေမယ့်မြို့ဟာကျဆုံးမသွာခဲ့ပါဘူး။မွန်ဂို့တွေနောက်ဆုံးသုံးတဲ့နည်းစနစ်ကတော့၁၄ရာစုနှစ်ကမ္ဘာကြီးမှာကြောက်စရာအကောင်းဆုံးဖြစ်တဲ့ပလိပ်ရောဂါပဲဖြစ်ပါတယ်။အနက်ရောင်မရဏ (Black Death)လို့ခေါ်ခဲ့ကြပါတယ်။
မွန်ဂိုတွေကပလိပ်ရောဂါနဲ့သေတဲ့လူတွေရဲ့အလောင်းတွေကို Kaffa မြို့ထဲကိုပစ်ထည့်ခဲ့ကြတာပါ။ နောက်ဆုံးကျန်တဲ့Kaffaမြို့သားတွေကထွက်ပြေးကြပြီးသူတို့နဲ့ပါလာတဲ့ပလိပ်ရောဂါကို ဥရောပ တစ်တိုက်လုံးကိုဖြန့်ခဲ့ကြတာပါပဲ။ကမ္ဘာ့အစောဆုံးဇီဝစစ်ပွဲ (Biological Warfare) လို့ခေါ်ရမယ် ထင်ပါတယ်။
၁၇၆၃မှာတော့အမေရိကန်ကPittခံတပ်တိုက်ပွဲမှာဌာနေအင်ဒီးယန်းတွေကိုဗြိတိသျှစစ်သားတွေကကျောက်ရောဂါဗိုင်းရပ်စ်ပါတဲ့ခြုံစောင်တွေကိုဖြန့်ခဲ့ကြပါတယ်။ကြောက်စရာကောင်းတဲ့နောက်ထပ်နမူနာတစ်ခုပါ။
ဒုတိယကမ္ဘာစစ်အတွင်းမှာလည်းဂျပန်တပ်ဖွဲ့ကလည်းတရုတ်စစ်မျက်နှာပြင်မှာရောဂါပိုးမွှားတွေသုံးပြီးတိုက်ခိုက်ခဲ့ပါတယ်။ဆိုဗီယက်ပြည်ထောင်စုမှာကွန်မြူနစ်အာဏာရှင်ဂျိုးဇက်စတာလင်ဦးဆောင်တဲ့ ခေတ်မှာအလားတူဖြစ်ရပ်မျိုးရှိခဲ့ပါတယ်။
ရုရှရေးရာကျွမ်းကျင်သူ Anthony Rimmington ရေးသားတဲ့ Stalin’s Secret Weaponစာအုပ်မှာ အပြည့်အစုံပါဝင်ပါတယ်။စတာလင်ရဲ့ပရောဂျက်မှာသိပ္ပံပညာရှင်တွေ၊ထောက်လှမ်းရေးတွေ အားလုံးပါဝင်ကြပြီးဇီဝလက်နက်ကိုဓါတ်ခွဲခန်းတွေမှာဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။အခုခေတ် အထိရုရှသမ္မတဗလာဒီမာပူတင်ဟာသူ့ရန်သူတွေကိုအဆိပ်ခတ်ပြီးလုပ်ကြံနေတာပါ။
ဒီလိုကျန်းမာရေးကိုတိုက်ခိုက်ချေမှူန်းတာဟာခေတ်အဆက်ဆက်အမြစ်တွယ်လာတာပါ။၂၀၁၅ ခုနှစ်ကအမေရိကန်တပ်တွေဟာ အာဖဂန်နစ္စတန်ကနယ်စည်းမခြားဆရာဝန်းများအဖွဲ့ရဲ့ဆေးရုံကို လေကြောင်း ကနေတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာမတော်တဆလို့ယူဆဖို့ခက်ခဲလှပါတယ်။ဆီးရီးယားအာဏာရှင်အာဆတ်ကလည်းသူ့ပြည်သူတွေကိုဒီနည်းလမ်းတွေနဲ့သတ်ဖြတ်ခဲ့တာပါပဲ။ ခေတ်တွေပြောင်းလို့နည်းပညာတွေတိုးတက်လာတော့အာဏာရှင်တွေနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူသားမဆန်မှုကပိုကြောက်စရာကောင်းလာပါတယ်။
အခုစစ်ပွဲအတွင်းလက်ဘနွန်မှာကျန်းမာရေးလုပ်သား၂၁၇ ယောက်သတ်ဖြတ်ခံခဲ့ရပြီးအရေးပေါ်လူနာ တင်ယာဉ်၁၇၇စီးပျက်စီးခဲ့ပါတယ်။ဆေးရုံပေါင်း၆၈ရုံတိုက်ခိုက်ခံခဲ့ရပါတယ်။ဂါဇာမှာတော့ကျန်းမာရေးလုပ်သား၁၂၀၀ကျော်သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်တပ်ကဆေးရုံ ၊ဆေးခန်းပေါင်း ရာပေါင်းများစွာကိုဗုံးကြဲဖျက်ဆီးခဲ့ပါတယ် ။ကျန်းမာရေးဝန်ထမ်းနဲ့လူနာရာပေါင်းများစွာကိုပါသတ်ဖြတ်ခဲ့တာပါ။
Healthocideလို့ခေါ်တဲ့ကျန်းမာရေးကိုလုပ်ကြံသတ်ဖြတ်ခြင်းမှာစားစရာမရှိအောင်ပိတ်ဆို့အငတ်ထားတဲ့နည်းလမ်းကိုလည်းထည့်သွင်းရမှာပါ။
လူတွေစားစရာမရှိတာကိုမြင်တွေ့နေရပါတယ်။
လူ့အဖွဲ့အစည်းမှာHealthocideဖြစ်နေသလားဆိုတာကိုသတိထားကြည့်ကြရအောင်ပါ။ ။


















































