Connect with us

Hi, what are you looking for?

ဆောင်းပါး

“အယ်လ်နီညို ရဲ့အပြင်းထန်ဆုံးအရှိန်ဟာ အမေဇုန်အတွက် အဆိုးဆုံးအချိန်မှာရောက်လာနိုင်ပြီး ကမ္ဘာတစ်ဝန်း စိုးရိမ်စရာဖြစ်လာ”

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

နောင်​နောင် ရေးသားသည်။

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဥရောပမှာ တောမီးတွေ၊ အာရှမှာ ရေကြီးမှုတွေနဲ့ အပူလှိုင်းတွေ ဖြစ်ပေါ်နေချိန်မှာ အမေဇုန်ဒေသကတော့ ပြင်းထန်တဲ့ မိုးခေါင်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရပါတယ်။ သိပ္ပံပညာရှင်တွေက အယ်လ်နီညို ရဲ့ အထွတ်အထိပ်ဟာ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း၊ အမေဇုန်အတွက် အဆိုးဆုံးအချိန်မှာ ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

အဲဒီကာလဟာ မိုးခေါင်ရာသီအဆုံးပိုင်းဖြစ်ပြီး မြစ်ရေတွေ အနိမ့်ဆုံးအခြေအနေကို ရောက်နေသလို သစ်တောအောက်ပိုင်းတွေကလည်း ခြောက်သွေ့ပြီး မီးလောင်လွယ်နေပါတယ်။

Public Service Announcement

Public Service Announcement

အမေဇုန်သစ်တောဟာကမ္ဘာ့ရာသီဥတုကို ထိန်းညှိပေးရာမှာ အရေးကြီးသလိုတောင်အမေရိကတစ်ဝန်း စိုက်ပျိုးရေးအတွက်မိုးရေရရှိစေဖို့လည်းအဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ဒါပေမယ့်လူသားတွေကကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ(ကျောက်မီးသွေး၊ရေနံနဲ့ သဘာဝဓာတ်ငွေ့) နဲ့ သစ်တောတွေကို မီးရှို့အသုံးပြုတာကြောင့် ကမ္ဘာကြီးပူနွေးလာပြီး အပူလှိုင်း၊ မုန်တိုင်း၊ မိုးခေါင်မှုနဲ့ တောမီးတွေလို ပြင်းထန်တဲ့ ရာသီဥတုဖြစ်ရပ်တွေပိုမိုဆိုးရွားလာပါတယ်။ ဒီရေရှည်အခြေအနေအပေါ် အယ်လ်နီညို ဆိုတဲ့ သဘာဝရာသီဥတုဖြစ်စဉ် က ထပ်မံဖိအားပေးလာတာ ဖြစ်ပါတယ်။

ဒီအယ်လ်နီညို ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း အပြင်းထန်ဆုံးဖြစ်လာနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အစပြုနေဆဲအချိန်မှာတောင် ကမ္ဘာ့ဒေသအများအပြားမှာ အပူချိန်မြင့်တက်မှု၊ မိုးခေါင်မှု၊ တောမီးနဲ့ ရေကြီးမှုတွေ ဖြစ်နေပါပြီ။ဥရောပမှာအပူချိန်စံချိန်တွေချိုးဖောက်ခဲ့ပြီးပြင်သစ်၊ ဂရိနဲ့ မြေထဲပင်လယ်ဒေသတွေမှာတောမီးတွေ ပြင်းထန်ခဲ့ပါတယ်။အာရှမှာတောင်ကိုရီးယားနဲ့ ဂျပန်တို့ အပူလှိုင်းခံနေရပြီး တရုတ်နဲ့ အိန္ဒိယမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကနေဒါ၊ အင်ဒိုနီးရှားနဲ့ အမေရိကန်တို့မှာလည်း တောမီးကြီးတွေ ဖြစ်ပွားနေပြီး အရှေ့အလယ်ပိုင်းမှာ အပူချိန်စံချိန်သစ်တွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကလည်း ယခင်မှတ်တမ်းတွေထက် အလွန်မြင့်တက်နေပြီး သန္တာကျောက်တန်းတွေနဲ့ ပင်လယ်သတ္တဝါတွေကို ခြိမ်းခြောက်နေပါတယ်။ သမုဒ္ဒရာတွေဟာကမ္ဘာ့အပူကိုအဓိကစုပ်ယူပေးတဲ့ နေရာဖြစ်တာကြောင့်ပင်လယ်ရေအပူချိန်မြင့်တက်မှုဟာကုန်းမြေပေါ်မှာဆက်လက်ဖြစ်လာမယ့် အပူဒဏ်တွေကို ကြိုတင်ပြသနေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

အမေဇုန်ဟာ ကမ္ဘာ့အကြီးဆုံးမြစ်နဲ့ မြစ်လက်တက်များစွာကို ပိုင်ဆိုင်ထားပြီး သစ်ပင်တွေနဲ့ အပင်တွေကအစိုဓာတ်ကိုစုပ်ယူကာ လေထုထဲ ပြန်လည်ထုတ်လွှတ်ပေးတဲ့အတွက် မိုးကောင်းကင်ပေါ်က ရေငွေ့စီးကြောင်းများ (flying rivers) လို့ခေါ်တဲ့ ရေငွေ့စီးကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီစနစ်က တောင်အမေရိကတစ်ဝန်းကို အေးမြစေပြီး မိုးရေထောက်ပံ့ပေးပါတယ်။ဒါ့အပြင်အမေဇုန်သစ်တောက ကာဗွန်ဒိုင်အောက်ဆိုဒ် အမြောက်အမြားကို စုပ်ယူပေးတာကြောင့် ကမ္ဘာတစ်ဝန်းအတွက် အရေးကြီးပါတယ်။

ဒါပေမယ့်အမေဇုန်ဟာစိုက်ပျိုးရေး၊သတ္တုတူးဖော်ရေးနဲ့ လူသားကြောင့် ဖြစ်ပေါ်တဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် သုံးပုံတစ်ပုံခန့်ပျက်စီးယိုယွင်းနေပါပြီ။အဲဒီအတွက် သစ်ပင်နဲ့သစ်တောအောက်ပိုင်းတွေဟာမီးလောင်လွယ်လာပြီး “megafire” လို့ခေါ်တဲ့ အလွန်ကြီးမားတဲ့ တောမီးတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာပါတယ်။ အချို့ဒေသတွေဟာ သစ်တောက သူ့ဘာသာသူ ပြန်လည်ကောင်းမွန်နိုင်တဲ့အဆင့်ကို ကျော်လွန်သွားနိုင်မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

အရင် အယ်လ်နီညို သုံးကြိမ်—၁၉၉၇ – ၉၈၊ ၂၀၁၅ – ၁၆ နဲ့ ၂၀၂၃ – ၂၄ တို့ဟာ အမေဇုန်အတွက် ဆိုးရွားခဲ့ပါတယ်။ ၂၀၂၃ – ၂၄ အယ်လ်နီညိုကြောင့် မြစ်အချို့ စံချိန်တင်အနိမ့်ဆုံးရောက်ခဲ့ပြီး တောမီးကြီးတွေ ဖြစ်ပွားခဲ့သလို လင်းပိုင်နဲ့ ငါးတွေ အမြောက်အမြား သေဆုံးခဲ့ပါတယ်။ အခုတော့ သစ်တောဟာ အဲဒီပျက်စီးမှုကနေ ပြန်လည်ကောင်းမွန်ဖို့တောင်အချိန်မရသေးခင်နောက်ထပ်ပိုမိုပြင်းထန်တဲ့ အယ်လ်နီညိုကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဒီ အယ်လ်နီညို ကို “ဂေါ်ဇီလာအယ်လ်နီညို” လို့ တင်စားခေါ်ဆိုထားတာ ဖြစ်ပါတယ်။

ဘရာဇီးအစိုးရကဂြိုဟ်တုနဲ့စောင့်ကြည့်ခြင်း၊ စည်းမျဉ်းဖောက်ဖျက်မှုတွေကိုအရေးယူခြင်းနဲ့ တောမီးငြှိမ်းသတ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းတွေ ပြုလုပ်နေပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် မနှစ်က အမေဇုန်မှာ မီးလောင်ကျွမ်းခဲ့တဲ့ ဧရိယာဟာ ၁၉၈၅ ခုနှစ် မှတ်တမ်းစတင်ခဲ့ပြီးနောက် အနိမ့်ဆုံးအဆင့်ကိုရောက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်ဆိုတာသစ်တောတစ်ခု ပြန်လည်ကောင်းမွန်ဖို့ မလုံလောက်ပါဘူး။

အမေဇုန်မီးလောင်ရာသီက စတင်နေပြီဖြစ်ပြီး အမြင့်ဆုံးအဆင့်ကတော့ နောက်ထပ် လအနည်းငယ်အတွင်း ရောက်လာနိုင်ပါတယ်။ ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းတွေကလည်း သစ်တောအတွင်းပိုင်း မီးလောင်မှုတွေကို ကိုယ်တိုင် ကိုင်တွယ်နိုင်ဖို့ မီးငြှိမ်းသတ်ရေးအဖွဲ့တွေဖွဲ့စည်းနေကြပါတယ်။ သစ်တောကျွမ်းကျင်သူ အဲရိကာ ဘဲရင်ဂဲ (Erika Berenguer) ကတော့ “စိုထိုင်းဆမြင့်တဲ့ မိုးသစ်တောကြီးက မီးလောင်နေတယ်ဆိုတာ အရမ်းကို အံ့ဩစရာကောင်းတယ်”လို့ပြောပါတယ်။

ပြဿနာရဲ့ အဓိကအချက်တစ်ခုကတော့အယ်လ်နီညို ဖြစ်စဉ်တွေ အချိန်တိုအတွင်း ထပ်ခါထပ်ခါ ဖြစ်လာခြင်း ဖြစ်ပါတယ်။ သစ်တောဟာ ပထမ အယ်လ်နီညို ရဲ့ ထိခိုက်မှုကနေပြန်မကောင်းသေးခင်နောက်ထပ်အယ်လ်နီညို ရောက်လာရင် ရောဂါတစ်ခုနဲ့ အားနည်းနေတဲ့လူတစ်ယောက်ကို နောက်ထပ်ကူးစက်ရောဂါ ဝင်လာတာနဲ့ ဆင်တူပါတယ်။

အယ်လ်နီညို ရဲ့ အပူဆုံးအချိန်နဲ့ ကမ္ဘာ့အခြားဒေသတွေမှာ အပူချိန်မြင့်တက်လာတဲ့အချိန်ကြားမှာ သုံးလခန့် နောက်ကျမှု ရှိတာကြောင့် ပြင်းထန်တဲ့အခြေအနေတွေဟာ ၂၀၂၇ ခုနှစ်အထိ ဆက်လက်ရှိနိုင်ပါတယ်။ ဆာဝ်ပေါ်လူ (São Paulo) တက္ကသိုလ်က ရာသီဥတုသိပ္ပံပညာရှင် ကာလို့စ် နောဘရီ (Carlos Nobre) က အမေဇုန်ဟာ ၂၀၂၇ ခုနှစ် မတ်လအထိ အထူးသဖြင့် ပြင်ဆင်ထားဖို့ လိုအပ်တယ် လို့ သတိပေးထားပါတယ်။

လယ်သမားနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေလည်း စိုးရိမ်နေကြပါတယ်။ အယ်လ်နီညို ကြောင့် နွားတွေအပူဒဏ်ခံတာ၊ စားကျက်မြက်အရည်အသွေးကျဆင်းတာနဲ့ ရေရှားပါးတာတို့ ဖြစ်လာနိုင်ပြီး နွားစာဖြည့်စွက်စရိတ် တက်လာသလိုနွားအလေးချိန်တိုးမှုနဲ့ နို့ထုတ်လုပ်မှုလည်း ကျဆင်းနိုင်ပါတယ်။ယခင်အယ်လ်နီညို ပြင်းထန်တဲ့နှစ်တွေမှာ ဘရာဇီးရဲ့ ပဲပုပ်သီးနှံထွက်ရှိမှုလည်းကျဆင်းခဲ့ပါတယ်။

ဌာနေတိုင်းရင်းသားတွေကတော့ သစ်တောကို ထိန်းသိမ်းပေးသူတွေ ဖြစ်ပေမယ့် သူတို့ကိုယ်တိုင်လည်း ကမ္ဘာကြီးပူနွေးလာမှု၊ သစ်တောရှင်းလင်းမှုနဲ့ အယ်လ်နီညို တို့ရဲ့ သက်ရောက်မှုကို ခံနေရပါတယ်။ အရင် အယ်လ်နီညို တုန်းက ရှင်ဂူး (Xingu) နဲ့ တာပါဂျော့စ် (Tapajós) မြစ်ဝှမ်းက အသိုင်းအဝိုင်းတချို့ဟာ မြစ်တွေရေခန်းခြောက်သွားတာကြောင့် သွားလာရေးပြတ်တောက်ပြီးရေငတ်၊ အစားအစာပြတ်လပ်မှာစိုးရိမ်ခဲ့ကြရပါတယ်။အခြေအနေက ဒီထက်ပိုဆိုးလာရင် အမေဇုန်မိုးသစ်တောထဲမှာမိုးခေါင်ဒုက္ခသည်တွေပေါ်လာနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒီပြဿနာဟာ ဘရာဇီးတစ်နိုင်ငံတည်းနဲ့ မဆိုင်ပါဘူး။အမေဇုန် အားနည်းလာရင် ကမ္ဘာ့ရာသီဥတုနဲ့ စိုက်ပျိုးရေးထုတ်လုပ်မှုကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသအများအပြားက လယ်သမားတွေကလည်း ရာသီဥတုပြောင်းလဲမှုဟာ သူတို့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်တာထက် မြန်ဆန်နေပြီလို့ ပြောနေကြပါတယ်။ အစားအစာဈေးနှုန်းတွေကလည်း သုံးနှစ်အတွင်း အမြင့်ဆုံးအဆင့်ရောက်နေပြီး အယ်လ်နီညိုကြောင့်လူပေါင်း ၄၉ သန်းခန့်ထပ်မံအစာရေစာမလုံလောက်မှုကို ရင်ဆိုင်ရနိုင်တယ် လို့ UN က ခန့်မှန်းထားပါတယ်။

ဒါကြောင့် အမေဇုန်လို ကမ္ဘာကြီးအတွက် အရေးကြီးတဲ့ သဘာဝဂေဟစနစ်တွေကို ပိုမိုကာကွယ်ဖို့ လိုအပ်ပါတယ်။ တောမီးငြှိမ်းသတ်ရေးအတွက် ရင်းနှီးမြှုပ်နှံတာက ရေတိုအတွက် လိုအပ်ပေမယ့် မီးလောင်ပြီးသား အကျိုးဆက်ကိုသာ ဖြေရှင်းတာ ဖြစ်ပါတယ်။ ရေရှည်မှာတော့ သစ်တောပြုန်းတီးမှုကို ရပ်တန့်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျှော့ချရပါမယ်။ မဟုတ်ရင် ကမ္ဘာ့လေထုဟာ ဆက်လက်ပူနွေးပြီး ရာသီဥတုပြင်းထန်မှုတွေကို ပိုမိုဆိုးရွားစေမှာပါ။

အမေဇုန်ကို အခုကတည်းက ထိထိရောက်ရောက် မကာကွယ်နိုင်ရင် ဒီနှစ်ရဲ့ “‌ဂေါ်ဇီလာ” အယ်လ်နီညို တောင်နောင်လာမယ့်ပိုမိုဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ယှဉ်ရင် ကြောင်ကလေးတစ်ကောင်လို အန္တရာယ်မရှိသလောက် ဖြစ်သွားနိုင်ပါတယ်။ ။

ကိုးကား The Guardian

(အ​မေဇုန်သစ်​တောတစ်​နေရာ / ပြင်သစ်မှာ​တောမီး​လောင်​နေစဥ်/တရုတ်ပြည်​ရေကြီး​နေမှု / ကမ္ဘာ့အပူချိန်စံချိန်တင်ဆက်တိုက်​တိုး​နေမှု ။ဓါတ်ပုံ/အင်ဖိုဂရပ်-Guardian )

ဆက်စပ်သတင်းများ

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောမီးလောင်ကျွမ်းမှုတွေကြောင့် စပိန်နိုင်ငံ တောင်ပိုင်းမှာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။