အောက်တိုဘာ ၁၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတံတား(ရတနာပုံတံတား)က စစ်တပ်ရဲ့ နှာပေါက်စစ်ဆေးရေးဂိတ်ဟာ ပိတ်သိမ်းလိုက်တာမဟုတ်ဘဲ နေရာရွှေ့ပြောင်းသွားခြင်းသာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်အတွင်းက စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်းသို့အဝင်၊ ရတနာပုံတံတားအဆင်း(မန္တလေးဘက်ခြမ်း)က ဒေသအခေါ် နှာပေါက်ဂိတ်လို့ခေါ်တဲ့ မီးရထားကုန်းအောက်က စစ်ဆေးရေးဂိတ်ကို ပိတ်သိမ်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အမှန်တော့ ပိတ်သိမ်းလိုက်တာမဟုတ်ဘဲ နှာပေါက်ဂိတ်ရဲ့တောင်ဘက်မှာ ဂိတ်ကို နေရာရွှေ့လိုက်ခြင်းသာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
” နေရာရွှေ့နေတာတော့ ကြာပြီ။ အခုမှ နှာပေါက်ဂိတ်ကို အပြီးပိတ်လိုက်သလိုနဲ့ နေရာရွှေသွားတာ။ ဘာမှမထူးပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နှာပေါက်ဂိတ်အနီးက အဝိုင်းပတ်မှာ သံဆူးကြိုးတွေနဲ့ တားထားလို့ စစ်ကိုင်းတိုင်းဘက်ကနေ သွားတဲ့ယာဥ်တွေဟာ အဝိုင်းပတ်ကနေ ဖြတ်လို့မရတော့ဘဲ ပြောင်းရွှေ့လိုက်တဲ့စစ်ဆေးရေးဂိတ်ကို ဝင်ပြီး အစစ်ဆေးခံပြီးမှ သွားခွင့်ပြုနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခင်ကလိုပဲ စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်းဘက်ကူးတဲ့ ယာဥ်တွေမှန်သမျှ တင်းကျပ်စွာ စစ်ဆေးခံနေရဆဲဖြစ်ပြီး မျက်နှာ Scan ဖတ်စစ်ဆေးတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရတနာပုံတံတားအဆင်းက အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားတွေထံကနေ မကြာခဏ ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိတဲ့အပြင် PSMS စနစ်နဲ့ စစ်ဆေးကာ CDM ဝန်ထမ်းတွေ၊ ပုဒ်မ ၅၀၅ နဲ့ ရမ်းထုတ်ခံထားရသူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။



















































