ကျဆုံးခဲ့သည့် သူရဲကောင်းမသူသူဇင်အတွက် ပြန်လည်ထကြွမှုအဖြစ် မြတောင်သပိတ်စစ်ကြောင်းသည် ယနေ့တွင် လမ်းမပေါ်သို့ပြန်လည်ချီတက်လာခဲ့သည်။
မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ယမန်နေ့မွန်းလွှဲပိုင်းတွင် အရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင် ကျဆုံးသွားခဲ့သည်။
ယမန်နေ့ (ဇူလိုင် ၂၇ ရက်)က မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်ပျောက်ကြားသပိတ်ဆင်နွဲနေသောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့သည်။
မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်သည်။ သူမ၏ရုပ်အလောင်းကို စစ်တပ်ကသယ်သွားပြီး ယနေ့က ပြန်လည်ပေးခြင်း မရှိသေးပေ။
မြတောင်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မန္တလေးမြို့တွင် နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းတစ်ခုဖြစ်သည်။