ပြည်တွင်း ရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၃၀ ခန့်အထိဈေးတက်လာကြောင်းပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေး အနည်းငယ်သာတက်သော်လည်း နိုင်ငံအနှံ ပိုမိုပြင်းထန်လာသည့် တိုက်ပွဲအနေအထားများကြောင့် ရွှေဈေးမြင့်လာခြင်းက အဓိက ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
အခေါက်ရွှေတကျပ်သားကို ဧပြီ၁ရက်ကကျပ် ၂,၉၃၀,၀၀၀ကျော်ရှိရာမှ ယနေ့ (ဧပြီ ၈ ရက်)တွင် ၂,၉၇၅,၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။
“ဖြေးဖြေးလေးနဲ့ ငြိမ်ငြိမ်လေးတက်နေတာ။ အရင်ကလို ဝုန်းဒုန်းမတက်ဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement
ရွှေဈေးကိုစစ်ကောင်စီကဖိအားပေးထိန်းချုပ်ရန်ကြိုးစားနေပြီး ၊စစ်ကောင်စီ ညွန်ကြားသည့်အတိုင်း လုပ်ကိုင်ပေးနေသောရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၃ သိန်းကျော်သာဈေးဖွင့်ထားသည်။ ကမ္ဘာရွှေဈေးသည်ဧပြီ ၈ ရက်တွင် တစ်အောင်စကို ဒေါ်လာ ၂၀၀၇ ရှိသည်။
စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်းကျော်သာရှိရာမှ စစ်တပ်ာဏာသိမ်းပြီးနောက် ၂၀၂၂ ဩဂုတ် ၃၀ ရက်အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂ သိန်းအထိစံချိန်တင်ဈေးတက်ခဲ့ဖူးသည်။
ယခုအခါ ကရင်ပြည်နယ် မြဝတီ ၊ကော့ကရိတ် ၊ရွှေကုက္ကိုလ် ၊ စစ်ကိုင်းတိုင်းတွင် အင်းတော် ၊ထီးချိုင့် စသောဒေသများ ၊ ရှမ်းပြည်နယ်တွင် နောင်ချိုမြို့နယ် ၊ ချင်းပြည်နယ်တွင် မင်းတပ် ၊ဖလမ်း ၊ဟားခါး မြို့နယ် ၊ ကရင်နီပြည်နယ်တွင်
ဒီးမော့ဆိုမြို့နယ် ၊ကချင်ပြည်နယ်တွင် ရွှေကူမြို့နယ်၊တနသာ်ရီ တိုင်းတွင် ပုလောမြို့နယ်၊မကွေးတိုင်တွင် ယောနယ် စသောဒေသများတွင် စစ်ကောင်စီတပ်၊BGF နှင့် ပျူစောထီးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ဒေသခံကာကွယ်ရေးတပ်များ ၊PDF များက ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။


















































