အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီက ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ရာ သင်တန်းသား နှစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၂ ရက် ညနေ ၄နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းတစ်ခုလုံး ပျက်စီးပြီး သင်တန်းသား နှစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်း နွားထိုးကြီးသတင်းစုံတာဝန်ခံက ပြောသည်။
“သေဆုံးတဲ့ကျောင်းသား နှစ်ဦးက တစ်ဦးက ပြင်ဦးလွင်ဘက်က၊ နောက်တစ်ဦးက မြင်းမူဘက်ကလို့ သိရတယ်။ ကျောင်းသားတစ်ဦးကတော့ တင်ပါးဗုံးစစိုက်လို့ မန္တလေးမှာ အရေးပေါ်ဆေးကုနေရတယ်။”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
နဘဲမြစ်ကျေးရွာသည် နွားထိုးကြီးမြို့၏ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး လွန်ခဲ့သည့်နှစ်လ အောက်တိုဘာ ၃ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ရွာခံအမျိုးသားနှစ်ဦး သေဆုံးခဲ့သေးသည်။
စစ်ရေးအပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသောစစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
နိုဝင်ဘာ ၃၀ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သီလရှင် အပါအဝင် သေဆုံးသူ၁၀ ဦးထက်မနည် ရှိခဲ့သည်။