Connect with us

Hi, what are you looking for?

သတင်း

ရိဒ်ခေါ်ဒါရ်မြို့ကို CNA ပူးပေါင်းတပ် ပြန်လည်သိမ်းပိုက်

အချင်းချင်းကြား စစ်ရေးပဋိပက္ခများချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ချင်းလွှတ်တော်အမတ်များ မေတ္တာရပ်ခံ

ရိဒ်ခေါ်ဒါရ်မြို့ နယ်စပ်တံတား၌ ချင်းအမျိုးသားအလံလွှင့်ထူနေစဉ်။ ဓာတ်ပုံ - Chinland Channel

ဇူလိုင်-၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မြန်မာ-အိန္ဒိယ နယ်စပ်မြို့ဖြစ်သည့် ရိဒ်ခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်က ယနေ့ (ဇူလိုင် ၁၁ရက်) မနက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းလက်နက်ကိုင်တပ်နှစ်ဖွဲ့ဖြစ်သော CDF ဟွာလ်ငိုးရမ်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)အကြား ဇူလိုင်လဆန်းက နယ်မြေဆိုင်ရာ အငြင်းပွားပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ဇူလိုင် ၅ရက်တွင် CNDFက CDF ဟွာလ်ငိုးရမ်းထိန်းချုပ်ထားသည့် ရိဒ်ခေါ်ဒါရ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ရိဒ်ခေါ်ဒါရ်ကို ၂၀၂၃ နိုဝင်ဘာတွင် CNA ၊ CDF ဟွာလ်ငိုးရမ်းပူးပေါင်းတပ်က စစ်ကောင်စီထံမှ သိမ်းပိုက်ထားခြင်းဖြစ်သည်။

အဆိုပါ မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ဇူလိုင် ၁၀ရက်တွင် CNA ဘက်က ထိုးစစ်ဆင်ရာ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” မနေ့ညနေပိုင်း ၅နာရီလောက်ကနေ ၁၁နာရီလောက်ထိ တိုက်ပွဲရှိပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထို့နောက် ယနေ့ ဇူလိုင် ၁၁ရက်နံနက်တွင် CNDF တပ်ဖွဲ့များ ဆုတ်ခွာသွားဟု ပြောသည်။

“အဲဒါကြောင့် ဒီမနက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီ။ချင်းအမျိုးသားအလံလည်း လွှင့်ထူခဲ့ပြီ” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ထို့ပြင် ရိဒ်ခေါ်ဒါရ်မြို့ နယ်စပ်တံတား၌ ချင်းအမျိုးသားအလံလွှင့်ထူမှုလည်း ပြုလုပ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းကို ပြသသည်။

ရိဒ်ခေါ်ဒါရ်မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ခြင်းနှင့်ပတ်သက်ပြီး CNDF ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တဖက်တွင်လည်း ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ်ကို CNAက ဇူလိုင် ၆ရက်တွင် သိမ်းပိုက်ထားရာ ယင်းနေရာ၌လည်း တိုက်ပွဲအချို့ရှိနေသည်ဟု ဆိုသည်။

ချင်းလက်နက်ကိုင်တပ်အချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားနေမှုကို နိုင်ငံရေးနည်းအရ ညှိနှိုင်းဖြေရှင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသလို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရကလည်း ကြားဝင်စေ့စပ်ပေးလျက်ရှိသည်။

ယင်းသို့ တိုက်တွန်းမှုများအနက် တော်လှန်ရေးတွင်ပါဝင်သော ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များကလည်း ဇူလိုင် ၁၀ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး တော်လှန်ရေးအင်အားစုအချင်းချင်းကြား သဘောထားကွဲလွဲမှုများနှင့် အထင်မြင်လွဲမှားမှုများကြောင့် မလိုလားအပ်သော စစ်ရေး ပဋိပက္ခများ ဖြစ်ပေါ်နေသည်ကို ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသော CNA၊ CDF Hualngoram ac CNDF တိုအကြား စစ်ရေးပဋိပက္ခများကို ချက်ချင်းရပ်ဆိုင်းပြီး စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ပေါင်းစပ်ညှိနှိင်းဖြေရှင်းကြရန် လည်း ချင်းလွှတ်တော်ကိုယ်စားလှယ်များက မေတ္တာရပ်ခံထားသည်။

ယခုအချိန်သည် ချင်းတစ်မျိုးသားလုံးစုစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (CNC) တစိုက်မတ်မတ်ဆောင်ရွက်နေသောကာလဖြစ်၍ ချင်းလက်နက်ကိုင်အဖွဲအစည်းများအပါအဝင် ချင်းပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ပေးကြရန်လည်း တိုက်တွန်းထားသည်။ CNA ၊CDF ဟွာလ်ငိုးရမ်း တို့သည် ချင်းပြည်ကောင်စီ အဖွဲ့ဝင်များဖြစ်ပြီး CNDFသည် ချင်းညီနောင်/ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အဖွဲ့ဝင်ဖြစ်ရာ အဆိုပါ အင်အားစုနှစ်ခုကို ပေါင်းပြီး ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းရန် သဘောတူထားသည့် အခြေအနေတွင် အချင်းချင်း တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့နဲ့ တီးတိန်မြို့နယ် လိုင်ထွီးရွာ လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွားငိုးရမ်းက ထုတ်ပြန်လိုက်ပြီး လုံခြုံရေးအရ အခုလို ကန့်သတ်တာလို့ အသိပေးပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

ဖလမ်း - ဟားခါးကြားမှာလည်း စစ်တပ်ရဲ့ဒရုန်းကြောင့် မိန်းကလေးငယ် တစ်ဦးသေဆုံး