သြဂုတ်-၁၅၊၂၀၂၅။ရဲခေါင် /People’s Spring
ရှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်အတွင်း အင်အား ၁,၀၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် ပူးပေါင်းတပ်စစ်ကြောင်းအား တိုက်ခိုက်နေကြောင်း အမှတ်(၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ကြောင်းအား ဩဂုတ် ၆ ရက်ကစပြီး ရှမ်းတောင်အခြေစိုက်ကာကွယ်ရေးတပ်များက ပူး ပေါင်းခုခံခဲ့ရာ စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် ၂၀ခန့်သေဆုံးပြီး လက်နက်နှင့်အတူ အရှင်တစ်ဦးဖမ်းမိထားကြောင်း အမှတ်(၁၀၀၅)တပ်ရင်း တာဝန်ရှိသူက အသိပေးသည်။

“PNOကို စစ်ကောင်စီကနောက်ကနေ Support ကောင်းကောင်းပေးထားတယ်။အခုတော့ တိုက်ပွဲ ငြိမ်တယ်။သူတို့ဘက်က လက်နက်ကြီးနဲ့ပစ် ဒရုန်းလာကြဲတာရှိတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
လက်ရှိစစ်ရေးအခြေအနေကြောင့် နှစ်ဖက်တပ်စွဲထားသည့် နေရာများကိုမူ အသိမပေးလိုကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် တိုက်ပွဲများအတွင်း ရှမ်းတောင်တပ်ရင်းမှ ရဲဘော်နှစ်ဦး၊ မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်လေးဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။
ရှမ်းတောင် အခြေပြုစစ်ရေးအချက်လက်များအရ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်သည် နောင်ထောဝ်ကျေးရွာအနီးနှင့်ကောင်ထိုကျေးရွာအနီးသို့ ထိုးစစ်ဆင်နေခြင်းဟု သိရသည်။
နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များသည် သြဂုတ် ၉ရက်တွင် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက်နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားသည်။
ထို့အပြင် စလောင်းထောင်ကျေးရွာ ဒေသခံ (၃၈)နှစ်အရွယ်အမျိုးသား တစ်ဦးကိုလည်း PNOပြည်သူ့စစ်က သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြသည်။
“နောင်ထောဝ်နဲ့စလောင်းထောင်ဘက်က နေအိမ်တွေကို စစ်ကောင်စီနဲ့ PNOတွေ အခုထိမီးရှို့နေတယ်။PNO တွေကို အတန်တန်ပြောသလို သူတို့ ထိုးစစ်ဆင်ပြီးတိုင်း သူတို့ရှို့ခဲ့တဲ့ရွာတွေ သတ်ခဲ့တဲ့လူတွေသည် ပအိုဝ်းလူထုတွေဖြစ်ပါတယ်။လူတစ်စု အာဏာအတွက် ကိုယ့်ရဲ့လူမျိုးကျေးရွာ တွေကို မီးတွေပြန်ရှို့နေကြတယ်။ပြန်သတ်နေကြတယ်။ သေချာပြန်စဥ်စားဖို့လိုပါတယ်။PNO ဆိုတာ တော်လှန်ရေးအဖွဲ့အနေနဲ့ လူထုကြားကနေပေါက်ဖွားလာတာပါ။စစ်တပ်လက်အောက်ခံဖြစ်ပြီး နောက်ပိုင်း အခုလုပ်ရပ်တွေက တော်တော်ကြီးကို ရှက်စရာကောင်းပါတယ်။ရွံ့စရာလည်းကောင်းတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူ၂၀၀၀ ကျော်မှာ တောတောင်ထဲနှင့် နီးစပ်ရာ ဒေသများသို့ ထွက်ပြေးနေရကြောင်း PNLAက အသိပေးထားသည်။


















































