Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရေဘေး ပိုဆိုးလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - မှော်မင်းသား)

ဇွန်-၂၁၊၂၀၂၆။စိုင်းနော်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့က ငှက်ပျောတောရပ်ကွက်နဲ့ မရှီကထောင်ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာအုပ်စုနဲ့ ကျေးရွာအများစုက မြေနိမ့်ပိုင်းတွေမှာ ရေကြီးနစ်မြုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဇွန်လ၂၀ ရက် ညပိုင်းမှာ မိုးကြီးခဲ့လို့ ရေဘေးအခြေအနေပိုမိုဆိုးရွားလာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရေကြီးတော့ စည်းကမ်းမဲ့ပစ်ထားတဲ့အမှိုက်တွေပါ အကုန်ပါလာတာ။ ညစ်ပတ်နေတာ။ ရေတက်တာကလည်း ကုန်းမြင့်ပိုင်းကလွဲလို့ အကုန်ပဲ”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့မှာလက်ရှိ ရေဘေးအပြင် နေရာအချို့မှာ မြေပြိုမှုဘေးကိုပါ ရင်ဆိုင်နေရပါတယ်။

” မှော်ဝမ်းကိုသွားတဲ့ လမ်းနှစ်လမ်းမှာ တစ်လမ်းက မြေပြိုတယ်။ တစ်လမ်းက ရေမြုပ်နေတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။

လူထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ၊ ဒေသခံတွေပိုင်ဆိုင်တဲ့ အိမ်သုံးပစ္စည်းထိခိုက်ဆုံးရှုံးမှုတွေ နှစ်စဉ်ရင်ဆိုင်ရပါတယ်။ ဇွန်လ ၁၆ရက်ကတော့ ကုဋေမှော်ရွာဘက်မှာ တောင်ကျရေကြောင့် လူတစ်ဦး ရေစီးနဲ့မျောပါ သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ နစ်မြုပ်နေတဲ့ အိမ်တွေမှာရှိနေတဲ့သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကိုပို့ဆောင်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အပြင် မိုးကောင်းမြို့နယ်မှာလည်း မြေနိမ့်ပိုင်းတွေ ရေကြီးနေလို့ လူဦးရေတစ်သောင်းခန့် ရေဘေးကြုံတွေ့နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလကနေဇွန်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းတွေမှာ မိုးကြီးပြီး တောင်ကျရေနဲ့မြေပြိုမှုတွေ၊ လေပြင်း ဘေးတွေကြောင့်လူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့သံလွင်မြစ်အပါအဝင် မြစ်ချောင်းအများအပြားမှာရေတိုးလာတယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေအားကောင်းနေသလို ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာလည်း လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နိုင်တာကြောင့် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး