ဇူလိုင် ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။
မေ ၃၁ရက်မှာ TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ပြည်သူအများအပြား သေဆုံးထိခိုက်ကာ နေအိမ်များစွာ ပျက်စီးခဲ့တာဖြစ်ပါတယ်။
အဲဒီလို ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာရသူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိဟု TNLAက ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲမှု ကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်များကို ပျက်စီးမှု အဆင့်အတန်းအလိုက် ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာပါ။

Public Service Announcement
အနီရောင်ဇုန်လို့ သတ်မှတ်ထားတဲ့ ပေါက်ကွဲမှု ဗဟိုချက်ကနေ မီတာ ၁၅၀ အတွင်း နေအိမ် ၅၆လုံးအတွက် ကျပ်သိန်း ၂၁၀၀၀ ကျော်(၂၁၄၉၀ သိန်း) ပေးအပ်ခဲ့သလို ဗဟိုချက်မှ မီတာ ၁၅၀ မှ ၃၅၀ ကို လိမော်ရောင်ဇုန်၊ မီတာ ၃၅၀ မှ ၅၀၀ အတွင်းကို အဝါရောင်ဇုန် စတဲ့ ဇုန်အလိုက် သတ်မှတ်ပြီး ပျက်စီးမှုအပေါ် မူတည်ကာ နေအိမ်တွေကို ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ လိမ္မော်ရောင်ဇုန်အတွင်းက အိမ် ၁၈၆ လုံး အတွက် ကျပ်သိန်းပေါင်း နှစ်သောင်းတစ်ထောင်ကျော်( ၂၁၆၇၆ သိန်း)၊ အဝါရောင်ဇုန်အတွင်းရှိ နေအိမ် ၂၅၃ လုံးအတွက် ကျပ်သိန်း နှစ်သောင်းငါးထောင်ကျော်( ၂၅၃၀၆ သိန်း) ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စုပေါင်းပံ့ပိုးငွေ ကျပ်သိန်းပေါင်း ၆၈၀ဝ၀ ကျော်ရှိခဲ့ပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပြန်န်လည်ထူထောင်ရေးလုပ်ငန်းများ ကြန့်ကြာနေတာဟာ
ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်များရဲ့ ထောက်ပံ့ကြေးတန်ဖိုးကို တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် တွက်ချက်နေလို့ ဖြစ်တယ်လို့ အသိပေးပါတယ်။
နေအိမ်တွေရဲ့ ထောက်ပံ့ကြေးတန်ဖိုး သတ်မှတ်နိုင်ရေး ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီ၊ စာပေယဉ်ကျေးမှုများ၊ လူမှုအဖွဲအစည်းများ (CSO)၊ ဒေသခံလက်သမားများနဲ့ ကျေးရွာဥက္ကဋ္ဌများ ပူးပေါင်းကာ နေအိမ်တစ်လုံးချင်းစီကို ကွင်းဆင်းစစ်ဆေး တွက်ချက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ပျက်စီးနေအိမ်တွေကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်လို့ နေအိမ်များကို သတ်မှတ်စံနှုန်းနဲ့အညီ ထောက်ပံ့ငွေတွေ ဆက်လက်ထောက်ပံ့မယ်လို့ ထုတ်ပြန်ပါတယ်။
TNLA အနေနဲ့ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကိုလည်းပေါက်ကွဲမှု ဖြစ်အပြီး တပတ်အကြာမှာ လူသားချင်းစာနာမှု အကူအညီအဖြစ် ကွယ်လွန်သူ ၁ဦးလျင် ကျပ်သိန်း ၁၀၀ နှုန်း စုစုပေါင်း ကွယ်လွန်သူ ၄၃ဦးအထက် ထောပ်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ရက်လည်ဆွမ်းကျွေးတရားနာ အလှူစီစဉ်ကျင်းပခဲ့သလို ရက်လည်အလှူလုပ်ဖို့ ကျန်ရစ်သူမိသားစုဝင်တွေကို ကွယ်လွန်သူတစ်ဦးလျှင် ကျပ် ၁၀သိန်းနှုန်း ထောက်ပံ့ခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်ပါတယ်။
အလားတူ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူ ၁၃၉ ဦးကိုလည်း ဒဏ်ရာ ပြင်းထန်မှုအပေါ် မူတည်ပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ကြောင်း TNLAက ထုတ်ပြန်ပါတယ်။ ဒီလို ထောက်ပံ့ရာမှာ ပြင်ထန် မှု အလိုက် လူနာ တဦးလျင် ကျပ်သိန်း ၅၀၊ သိန်း ၄၀၊ သိန်း ၃၀၊ ၅သိန်းမှ ၁၀သိန်း ကြား စသဖြင့် ထောက်ပံ့ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၁၉၂၀ ပေးအပ်ခဲ့ကြောင်း အသိပေးပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာများအား ကျန်းမာရေးပြန်လည် ကောင်းမွန်လာတဲ့အထိ အခမဲ့ဆေးဝါးကုသမှုများ အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးနေကြောင်းလည်း ဖော်ပြပါတယ်။
ဒါ့အပြင် ပျက်စီးနေအိမ်တွေ တည်ဆောက်ရေး မစတင်မီ ပြည်သူတွေ အဆင်ပြေစွာ နေနိုင်ဖို့ ယာယီအမိုးအကာတွေ စီစဉ်ပေးထားပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပံ့ပိုးထားကြောင်း အသိပေးပါတယ်။
ကောင်းတပ်ရွာ ပေါက်ကွဲမှုအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြည်တွင်း ပြည်ပစေတနာရှင်တွေက ပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့သလို စားနပ်ရိက္ခာ၊ အခြေခံလူသုံးကုန်ပစ္စည်းများနဲ့ အခြားလိုအပ်သည့် အထောက်အပံ့များကို ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
ကောင်းတပ်ရွာ ပေါက်ကွဲမှုဟာ TNLA ရဲ့ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးမှာသုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲတာလို့ TNLAက ထုတ်ပြန်ထားပါတယ်။


















































