Connect with us

Hi, what are you looking for?

သတင်း

အီရန် အဓိပတိဟောင်းရဲ့ နိုင်ငံတော် ဈာပန စတင်၊ လူသန်းနဲ့ချီ တက်ရောက်ဖွယ်ရှိ

အီရန်မှာ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီအတွက် နိုင်ငံတော် ဈာပန အခမ်းအနားကို စတင် ကျင်းပနေပြီး နောက်ဆုံး ဂါရဝပြု နှုတ်ဆက်သူ အများအပြား ရှိနေတယ်လို့ အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်မှာ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီအတွက် နိုင်ငံတော် ဈာပန အခမ်းအနားကို စတင် ကျင်းပနေပြီး နောက်ဆုံး ဂါရဝပြု နှုတ်ဆက်သူ အများအပြား ရှိနေတယ်လို့ အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ခါမေနီဟာ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်စစ်ပွဲ စတင်တဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ သေဆုံးခဲ့ပါတယ်။ တဟီရန် မြို့တော်ရဲ့ အစိုးရ အိမ်တော်မှာ ရှိနေချိန် ဒုံးကျည်တွေ ထိမှန်လို့ သူရော၊ ဆွေမျိုးသားချင်း တချို့ပါ အသက်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အသက် ၈၆ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ခါမေနီဟာ အီရန်ကို ၃၆ နှစ်ကြာ အုပ်စိုးခဲ့ပါတယ်။ စစ်ပွဲ ဆက်လက် ဖြစ်ပွားနေတာနဲ့ နောက်ဆက်တွဲ အပစ်ရပ် သဘောတူညီမှု တည်တံ့ပါ့မလားဆိုတာ မသေချာသေးတာတွေကြောင့် အီရန်ဟာ နိုင်ငံတော် ဈာပနကို လတွေနဲ့ချီ ရွှေ့ဆိုင်းထားခဲ့တာပါ။

ဇူလိုင် ၄ ရက်မှာတော့ နိုင်ငံတော် ဈာပန အခမ်းအနားကို စတင်ပြီး ၆ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီရက်တွေအတွင်း လာရောက် ဂါရဝပြု နှုတ်ဆက်သူ ၁၅ သန်းကနေ သန်း ၂၀ ကြားထိ များပြားလိမ့်မယ်လို့ အီရန် အာဏာပိုင်တွေက ယူဆထားပါတယ်။

Public Service Announcement

Public Service Announcement

လူအများက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အခြေအနေ တစ်ခုကတော့ ခါမေနီရဲ့ သားဖြစ်ပြီး သူ့အရိုက်အရာကို ဆက်ခံထားတဲ့ မော့ဂျ်တာဘာ ခါမေနီရော အခုအခမ်းအနားကို တက်ရောက်မလား ဆိုတာပါပဲ။ မော့ဂျ်တာဘာဟာ ဖခင်သေဆုံးပြီး တစ်ပတ်လောက် အကြာမှာ အီရန် အဓိပတိအဖြစ် တင်မြှောက် ခံရပေမယ့် စစ်ပွဲစချိန် ကတည်းက လူမြင်ကွင်းရှေ့ကို လုံးဝ ထွက်ပေါ်မလာခဲ့ပါဘူး။

ဇူလိုင် ၄ ရက် မနက်ပိုင်းမှာတော့ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ခါမေနီနဲ့ ဆွေမျိုးသားချင်းတွေရဲ့ ရုပ်အလောင်းတွေ ထားရှိရာ ဂရန်းမော့ဆယ်လာ ဗလီကြီးထဲကို စတင် ဝင်ရောက်ခဲ့ကြပါတယ်။ ခါမေနီဟာ ဘာသာရေး အခြေပြုပြီး အာဏာရှင်ပုံစံ အုပ်စိုးမှုတွေကြောင့် ဝေဖန်ခံရပေမယ့် ရှီးဟိုက်မွတ်ဆလင် အများအပြားရဲ့ ဘာသာရေး ဦးသျှောင်ပုဂ္ဂိုလ် အနေနဲ့လည်း လေးစားခံခဲ့ရပါတယ်။

ခေါင်းဆောင်ကြီးကို နောက်ဆုံးတစ်ကြိမ် နှုတ်ဆက်ချင်လွန်းလို့ အစောကြီး လာစောင့်နေခဲ့တာလို့ ဗလီရှေ့မှာ မနက်အစောပိုင်း ကတည်းက ရောက်နေသူ တစ်ဦးက ပြောပါတယ်။ ခါမေနီ မတိုင်ခင်က အီရန် အဓိပတိ ဖြစ်ခဲ့ဖူးသူ ရူဟိုလာ ခိုမေနီ သေဆုံးခဲ့တဲ့ ၁၉၈၉ ခုနှစ် နိုင်ငံတော် ဈာပနနောက်ပိုင်း အီရန်ရဲ့ အကြီးမားဆုံး လူထု စုဝေးမှုကြီးမှာတော့ လုံခြုံရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။ လမ်းတွေကိုလည်း ပိတ်ထားပြီး အခမ်းအနား နေရာတဝိုက် လေယာဉ် ပျံသန်းခွင့်တွေကိုပါ တားမြစ်ထားပါတယ်။

ဗလီကြီးထဲမှာ ခါမေနီရဲ့ ရုပ်အလောင်းပါတဲ့ ခေါင်းတလားကို ဇူလိုင် ၆ ရက်နေ့ထိ ထားရှိမှာဖြစ်ပြီး အဲဒီနောက် ဇူလိုင် ၇ ရက်မှာတော့ ကုမ်မြို့ကို ပို့ဆောင်မှာပါ။ နောက်တော့ အီရတ်မှာရှိတဲ့ ရှီးဟိုက် မွတ်ဆလင် အသိုက်အဝန်းရဲ့ ပန်ကြားမှုအရ အီရတ်ရဲ့ ရှီးဟိုက်မွတ်ဆလင်တွေ နေထိုင်ရာ မြို့တွေဆီ လှည့်လည် ပို့ဆောင်စေပြီး ဇူလိုင် ၉ ရက်နေ့မှာတော့ အီရန် အရှေ့မြောက်ပိုင်းမှာရှိတဲ့ ခါမေနီရဲ့ ဇာတိမြို့ မက်ရှ်ဟတ်ဒ်မှာ မြေချသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

စစ်ပွဲကို ဖြတ်သန်းရှင်သန်ခဲ့တဲ့ အီရန် ထိပ်တန်း အရာရှိတွေလည်း ဇူလိုင် ၄ ရက် အခမ်းအနားကို တက်ရောက်ခဲ့ပြီး ခေါင်းဆောင်ကြီးအတွက် အထူးဝမ်းနည်း ကြေကွဲကြောင်းနဲ့ အီရန်ခေါင်းဆောင်ပိုင်းကြား စည်းလုံးညီညွတ်မှု အပြည့်ရှိနေကြောင်း ပြသခဲ့ပါတယ်။ ဒါဟာ ခါမေနီ သေဆုံးသွားပေမယ့် အီရန်က ပြိုလဲမသွားဘူးဆိုတဲ့ သတင်းစကား တစ်ခုကို အမေရိကန်ဆီ ပေးပို့တဲ့ ပြယုဂ်တစ်ခုလို့လည်း ယုံကြည်ရပါတယ်။

တက်ရောက်လာသူတွေထဲမှာတော့ အီရန်ရဲ့ ဩဇာအကြီးဆုံးနဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ အကြီးအကဲ အာမက် ဗာဟီဒီလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို အဓိက ဦးဆောင်ခဲ့သူ အီရန် လွှတ်တော် အကြီးအကဲ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်ကလည်း ငိုကြွေးနေခဲ့တာကို တွေ့ရပါတယ်။

တဟီရန်က နိုင်ငံတော် ဈာပနကို တက်ရောက်လာသူတွေထဲမှာ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကိုယ်စား စေလွှတ်တဲ့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲ ဒီမစ်ထရီ မက်ဗီဒက်ဗ်တို့လည်း ပါဝင်ခဲ့ပါတယ်။

နိုင်ငံတကာ သတင်းဌာနတွေကတော့ လာမယ့်ရက်ပိုင်းအတွင်း မော့ဂျ်တာဘာက ဖခင်ရဲ့ နာရေးဆီ ကိုယ်တိုင် တက်ရောက်မလား ဆိုတာကို အထူးအာရုံစိုက် စောင့်ကြည့်နေပါတယ်။ သူဟာ ရာထူးလက်ခံပြီးချိန် လူလုံးထွက်မပြဘဲ ကြေညာချက်တွေကိုသာ ထုတ်ပြန်နေခဲ့ပါတယ်။ မော့ဂျ်တာဘာဟာလည်း ခါမေနီ သေဆုံးတဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရပေမယ့် သူ့ဒဏ်ရာ ပမာဏက ဘယ်လောက် များပြားသလဲ ဆိုတာကိုတော့ ဘယ်တုန်းကမှ တိတိကျကျ မသိခဲ့ရပါဘူး။

ခါမေနီနဲ့အတူ သေဆုံးခဲ့တဲ့ တခြားဆွေမျိုးသားချင်းတွေကိုလည်း သူနဲ့အတူ မြှုပ်နှံသင်္ဂြိုဟ်မှာပါ။ အဲဒီထဲမှာ ခါမေနီရဲ့ မွေးကင်းစအရွယ် မြေးမလေးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေက စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစည်း ကျိုးပေါက်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

Facebook