-စိုင်းဒီပ ရေးသား၍ နေ့သစ်ဘာသာပြန်သည်။
မြန်မာ့ လူ့အဖွဲ့အစည်းမှာတော့ Facebookဟာ လူမှုကွန်ရက် မီဒီယာ တစ်ခုဆိုတာထက် ပိုပါတယ်။ Facebookဟာ မြန်မာမှာတော့ စုဝေးရာ ရင်ပြင်၊ ဆန္ဒပြတဲ့နေရာ၊ ပြီးတော့ ဝါဒဖြန့် တလင်းပြင် တစ်ခုနဲ့ ပိုပြီး ဆင်တူပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာတရုတ် ဆန့်ကျင်ရေး အတွေးအခေါ်တွေကပိုမိုပျံ့နှံ့အားကောင်းလာပါတယ်။
အကြောင်းကတော့ ဘေဂျင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေက စစ်အာဏာရှင်ကို အားပေးထောက်ခံတယ်လို့ လူထုက အခိုင်အမာ ယုံကြည်တာ၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ သံတမန်ရေး အရွေ့တွေအပေါ် သံသယ ကြီးကြီးမားမား ရှိနေကြတာတွေကြောင့် ဖြစ်ပါတယ်။
အခုတော့ Facebookပေါ်မှာ တရုတ်နဲ့ ပတ်သက်လို့ ပုံဖော်နေကြတာတွေက အရွေ့တစ်ခု ဖြစ်လာနေပြန်ပါတယ်။ဒီတစ်ခါ ရိုက်ခတ်လာတဲ့လှိုင်းအသစ်ကတော့ တရုတ်ကို လိုလားထောက်ခံတဲ့ ဝါဒဖြန့်မှုတွေ ဖြစ်ပါတယ်။ သံရုံးတွေ၊ သုတေသန အဖွဲ့အစည်းတွေဆီကနေ အဲဒီလှိုင်းကရိုက်ခတ်လာတာတော့ မဟုတ်ပါဘူး။ အဲဒီအစား ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေ၊နယ်စပ်တကြောမှာ အခြေစိုက်တဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေက အဲဒီ သတင်းစကားတွေကို ထူးထူးခြားခြားစတင် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

Public Service Announcement

မြန်မာ့အရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ စကားလုံးတိုက်ပွဲတွေ ပြင်းထန်တတ်တာက အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ဒါပေမဲ့ ဒီတစ်ကြိမ်မှာ အဲဒီ အခြေအနေတွေကို ဖန်တီးပဲ့ကိုင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အသုံးပြုတဲ့ နည်းလမ်းတွေက သိသိသာသာ ပြောင်းလဲလာပါတယ်။
စစ်အာဏာသိမ်းမှု ပြီးပြီးချင်း အစောပိုင်း နေ့ရက်တွေတုန်းက Facebookပေါ်မှာ တရုတ်ဖက်ကနေ သာသာထိုးထိုးလော်ဘီလုပ်မှုတွေကိုတရုတ် ကျောင်းသားတွေ၊ ပြည်ပရောက် တရုတ်နိုင်ငံသားတွေ၊ လွတ်လပ်စွာ ရပ်တည်တဲ့ပညာရှင်ဆိုသူတွေက ဦးဆောင်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ် အများစုဟာ မြန်မာလိုပြောတတ်၊ရေးတတ်ပြီး ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံနိုင်သလို အပြန်အလှန် နားလည်မှု ဆိုတာကို အားပေးပုံဖော်ခဲ့ကြပါတယ်။
ဥပမာ သမိုင်းတလျှောက် နှစ်ဖက် ထိတွေ့ ဆက်ဆံမှုတွေ၊ ကွန်ဖြူးရှပ်ဝါဒရဲ့စံတန်ဖိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတာတွေကို ခမ်းနားတဲ့ စကားအဆင်တန်ဆာတွေသုံးပြီး အပျော့နည်းနဲ့ ဝါဒဖြန့်ခဲ့တာမျိုးပါ။
အဲဒီအားထုတ်မှုတွေဟာ ရည်ရွယ်ချက် ကောင်းခဲ့တယ်ဆိုရင်တောင်မှပျံ့နှံ့မှုကတော့အကန့်အသတ်ရှိခဲ့ပါတယ်။အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှု အားနည်းတာ၊ ဒစ်ဂျစ်တယ် လမ်းကြောင်းကနေ ချဲ့ထွင်မှု ကင်းမဲ့တာတွေကြောင့် ပို့စ်တွေက Facebookရဲ့ algorithm ခြေရာခံ စနစ်တွေနဲ့ လိုက်လျောညီထွေ မဖြစ်ခဲ့သလို လူထုရဲ့ တုံ့ပြန်မှုကိုလည်း မဖမ်းစားနိုင်ခဲ့ပါဘူး။ ပြီးတော့ ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေကို အခြေပြုပြီး တည်ရှိတဲ့ လူထုအမြင်အောက်မှာတော့ အဲဒီလို သိမ်သိမ်မွေ့မွေ့ သိမ်းသွင်းတဲ့ နည်းတွေကသိပ်ပြီး အရာမထင်ခဲ့ပါဘူး။

၂၀၂၄ ကစလို့ Facebookမှာတရုတ်အပေါ် သဘောထားနဲ့ ပတ်သက်ပြီးလူထုဆီ ထိတွေ့ဖို့ အားထုတ်မှု ဒုတိယလှိုင်းက စတင် ရိုက်ခတ်လာပါတယ်။ အဲဒီလှိုင်းကို တွန်းအားပေးတာတွေကတော့ အခကြေးငွေပေး ထူထောင်ထားတဲ့ ကွန်ရက်တွေ၊ ပရိုဖိုင် အတုတွေ၊ influencerတွေကို နာမည်ခံဖို့ ငှားရမ်းထားတာစတဲ့ astroturfing campaign ပါလုပ်လာတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမှာတရုတ် ဆန့်ကျင်ရေးအသံတွေကို တိတ်ဆိတ်သွားစေဖို့ပဲ ဖြစ်ပါတယ်။
အဲဒီအကောင့်တွေဟာနေ့စဉ်သုံးမြန်မာစကားကိုပဲ အသုံးပြုပြီး ရေးသားကြပါတယ်။ ဒေသိယ ဗန်းစကားတွေကို အတုခိုးကြပါတယ်။ ပွဲဆူတဲ့ နိုင်ငံရေး အငြင်းအခုံတွေမှာ ဝင်ပါကြပါတယ်။ တချိုု့က ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံဖွား တရုတ်တွေအဖြစ်ဟန်ဆောင်ပြီး တခြားပြည်သူတွေလိုပဲ ပြည်ပ စွက်ဖက်မှုတွေ၊ တရုတ်ရဲ့ ရိုက်ခတ်မှုတွေအကြောင်း အာပေါင်အာရင်းသန်သန်ဆွေးနွေး ပြောဆိုတတ်ကြပါတယ်။
ဒီတစ်ကြိမ်လှိုင်းရိုက်မှုမှာမတူတာက အများစုဟာ ကြေးစားတွေဖြစ်နေတာပါပဲ။ သူတို့တွေက သီးခြားစီ လှုပ်ရှားနေတာမဟုတ်တော့ပါဘူး။ အခကြေးငွေပေးပြီး လည်ပတ်နေတဲ့ ကျယ်ပြန့်တဲ့ ကွန်ရက် တစ်ခုထဲက အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။အဲဒီကွန်ရက်ထဲမှာ ပါဝင် လှုပ်ရှားသူတွေဟာ တရုတ်အစိုးရ ဘဝင်ခွေ့စေမယ့် ဝါဒဖြန့်မှုတွေကို အားပေး မြှင့်တင်ရင်း အခကြေးငွေ ခံစားခွင့် ရကြပါတယ်။
အဲဒီ ကွန်ရက်တွေက ဖန်တီးတဲ့ပို့စ်တွေမှာထင်ရှားမြင်သာတဲ့ အတုအပစကားတွေ၊ ထပ်ကာထပ်ကာ ပြန်ပြောနေတာတွေ၊ မူမှန် မဟုတ်လောက်တဲ့ reactionတွေ နဲ့ share ကိန်းဂဏန်းတွေကို သတိထားမိနိုင်ပါတယ်။ အဲဒီလို pageတွေအပေါ် လူထု စိတ်ဝင်စားမှုက အရမ်းနိမ့်ပါးနေဆဲ ဖြစ်ပေမယ့်လည်း Facebook ရဲ့ algorithm အခင်းအကျင်းမှာတော့ သိသာတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
အကျိုးဆက်ကတော့ လူမှုကွန်ရက်သုံးစွဲသူတွေဆီမှာ တရုတ်ကို လိုလားထောက်ခံတဲ့၊ လော်ဘီလုပ်တဲ့ ပို့စ်တွေကို ပိုပြီး မြင်လာရစေပြီးဆန့်ကျင်ဖက် ပို့စ်တွေကတော့သိပ်ပြီးမထင်ပေါ်တော့ဘဲ ဖယ်ထုတ် ခံလာရပါတော့တယ်။
ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုက အဲဒီလှိုင်း မြင့်တက်လာမှုရဲ့ နောက်ကွယ်မှာတော့ မြန်မာနိုင်ငံ နယ်စပ်က လောက်ကိုင်၊ မြဝတီ၊ ရွှေကုက္ကိုတို့လို ဒေသတွေမှာအခြေစိုက်ပြီး အရင်းအမြစ်အင်အား တောင့်တင်းတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေက ပါဝင်ယှက်နွှယ် ပတ်သက်လာတာပဲ ဖြစ်ပါတယ်။
အဲဒီအစုအဖွဲ့တွေဟာအွန်လိုင်းပေါ်ကစကားလက်ဆုံ ပြောဆိုမှုတွေကိုလိုသလိုခြယ်လှယ်နိုင်လောက်တဲ့ ဓနအင်အားနဲ့ နည်းပညာ ကြွယ်ဝမှု နောက်ခံတွေ ရှိနေပါတယ်။သူတို့ဟာဖန်တီးထားတဲ့ ဝါဒဖြန့် စကားတွေ ပျံ့နှံ့သွားရေးကို သေရေးရှင်ရေးလို သဘောထားပြီး အလုပ်လုပ်ကြပါတယ်။

ဒါပေမဲ့ တရုတ်ဆန့်ကျင်ရေး ပို့စ်တွေကလည်းသူတို့ရဲ့လုပ်ထုံးလုပ်ငန်းတွေကိုရှုပ်ထွေးစေ၊ အနှောင့်အယှက် ဖြစ်စေပြီး မလိုလားအပ်တဲ့ သံသယတွေကို ဆွဲဆောင်ရာ ရောက်စေပါတယ်။ ဒါကို တုံ့ပြန်တဲ့ အနေနဲ့ တချို့လိမ်လည်မှု ကွန်ရက်တွေဟာ ကိုယ်ပိုင်လူမှုကွန်ရက် မီဒီယာ စာမျက်နှာတွေ၊ influencer ကွန်ရက်တွေ၊သတင်းဌာန အတုတွေကို ဖန်တီးလာကြပါတယ်။
သူတို့ပေးတဲ့သတင်းစကားကတော့ တရုတ်ဟာ မြန်မာအတွက်တည်ငြိမ်မှုကိုဖန်တီးပေးနေတဲ့၊ စီးပွားရေး မိတ်ဖက်မျိုး၊ ဒါမှမဟုတ် မြန်မာအတွက် အလုပ်အကိုင်နဲ့ အကူအညီတွေ ပေးအပ်နေတဲ့တိုင်အထင်လွဲ ခံနေရတဲ့ အိမ်နီးချင်းကောင်း ဆိုတာမျိုးကို ပုံဖော်ဖို့ပါ။တရုတ်ရဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ နယ်စပ်ဖြတ်ကျော်ပူးပေါင်း ဆောင်ရွက်မှုတွေ ဆိုတာက အဲဒီ ဝါဒဖြန့်မှုတွေမှာ ဖန်တရာတေအောင် မြင်တွေ့ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ကိုယ်တိုင်က ချေမှုန်းပစ်မယ်လို့ နှစ်ရှည်လများ ကြွေးကြော်ထားပြီး ခရီးမရောက်၊ မအောင်မြင်သေးတဲ့ရာဇဝတ်ဂိုဏ်းတွေ အကြောင်းကိုတော့ ရည်ရွယ်ချက်ရှိရှိချန်လှပ်ထားတတ်ကြပြန်ပါတယ်။
ဒီနေရာမှာ အသစ်ရိုက်ခတ်လာတဲ့ သတင်းအချက်အလက် လှိုင်းကို ထူးကဲ ထင်ရှားစေတာက သူတို့ပေးတဲ့ သတင်းစကားတစ်ခုတည်းကြောင့် မဟုတ်ဘဲ အဲဒီ ဖြန့်ဝေသူတွေရဲ့ စွမ်းဆောင်ရည်နဲ့လည်း ဆိုင်ပါတယ်။ ငွေလိမ်ဂိုဏ်းတွေဟာ ကျယ်ပြန့်တဲ့ ဒစ်ဂျစ်တယ်လက်နက်တိုက်ကိုပိုင်ဆိုင်ကြပါတယ်။ အဲဒီထဲမှာ ကွန်ရက်တွေ၊ အလိုအလျောက် ထိတွေ့ ချိတ်ဆက်နိုင်တဲ့ toolတွေ၊ စိတ်ခံစားချက်ကို စေ့ဆော် ရိုက်ခတ်စေနိုင်တဲ့ ဗီဒီယိုတွေ၊ ကြော်ငြာ ဝယ်ယူတာတွေ အစုံအလင် ပါဝင်နေပါတယ်။
အဲဒီ ဂိုဏ်းတွေဟာFacebookရဲ့ algorithmတွေ ဘယ်လို အထာနဲ့ အလုပ်လုပ်သလဲ ဆိုတာကို ကောင်းကောင်း သိကြပါတယ်။အဲဒီအသိကို အခြေခံပြီးလည်း ကောင်းကောင်း အမြတ်ထုတ်ကြပြန်တယ်။ လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မယ့် ပုံရိပ်တွေကို အသုံးပြုပြီးသူတို့ရဲ့ပို့စ်တွေကို ခပ်မြန်မြန် တုံ့ပြန်မှု ရရှိအောင်ဖန်တီးယူကြပါတယ်။
သူတို့ရည်မှန်းတဲ့ရလဒ်ကတော့စနစ်တကျ မဟုတ်တဲ့ သတင်းအချက်အလက် လှုပ်ရှားမှု တစ်ခုကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ အရင်တုန်းက ဝါဒဖြန့် အားထုတ်မှုတွေလိုမျိုး ပြောစကားတွေကို သိပ်ပြီး အခြေမခံတော့ပါဘူး။အခုလှိုင်းအသစ်ရဲ့ သဘောကတော့ သဘောတရားရေးအရဆွဲဆောင်ဖို့ မဟုတ်တော့ဘဲ သူတို့ ပြောချင်တာတွေကို များများစားစား ဖြန့်ချပြီး ဖုံးလွှမ်းလိုက်ဖို့ပါ။
အဲဒီအတွက် ဆန့်ကျင်ဖက် သဘောတရားတွေက ဘေးရောက်သွားပါမယ်။မူလအဆိုတွေက ရှုပ်ထွေးသွားပါမယ်။ လူတွေ အမြင်မှာ ဒါကလက်ခံနိုင်လောက်တဲ့ ဆွေးနွေးမှုမျိုးပဲ ဆိုတာမျိုး အမြင်ပြောင်းလာအောင် တွန်းအားပေးပါလိမ့်မယ်။ လူတွေရဲ့ စိတ်ထဲမှာ ပြည်ပ စွက်ဖက် လွှမ်းမိုးမှုတွေကို ပိုပြီး စိုးရိမ်လာဖို့၊ တရုတ်ဆန့်ကျင်ရေး အမြင်တွေအပေါ် ငြီးငွေ့ စိတ်ကုန်လာဖို့ဖန်တီးယူပါမယ်။ အဲဒီရလဒ်ကိုသူတို့တွေကဆွေးနွေးငြင်းခုံတဲ့နည်းလမ်းနဲ့ချဉ်းကပ်တာမျိုးမဟုတ်ဘဲအဖန်ဖန် အထပ်ထပ် မြင်တွေ့စေတဲ့ အားထုတ်မှုနဲ့ လုပ်ယူကြတာပါ။
ဒီအခြေအနေမှာပြဿနာအသစ်တစ်ခုထပ်ပေါ်လာပါတယ်။ ဘယ်ပို့စ်တွေရဲ့ နောက်ကွယ်မှာ ဒုစရိုက်ဂိုဏ်းတွေရှိနေသလဲ၊ ဘယ်ပို့စ်တွေကတော့ နိုင်ငံရေး သဘောထား ဖြန့်ဝေမှုတွေလဲဆိုတာ မကွဲပြားတော့တာပါ။ Stimson Centreရဲ့ အဆိုအရ တရုတ်-မြန်မာ နယ်ခြားတလျှောက်မှာ အခြေစိုက်တဲ့ ငွေလိမ်ဂိုဏ်းတွေဟာ အခုဆိုရင် ရာဇဝတ်မှုမြောက်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တရားမဝင် သံတမန်ရေးလှုပ်ရှားမှုတွေရဲ့ဆုံချက်အသစ် ဖြစ်လာတယ်လို့ ဆိုပါတယ်။ အဲဒီ ဂိုဏ်းတွေမှာ ကိုယ်ပိုင် အိုင်တီ အဖွဲ့တွေ၊ မီဒီယာယူနစ်တွေ၊ ပရိုမိုးရှင်း ဝန်ထမ်းတွေရှိနေပြီးတရုတ်ရဲ့ပုံရိပ်ကို ပြောင်ပြောင်ရောင်ရောင် ဖြစ်လာအောင် ပုံဖော်ပေးကြပါတယ်။
ဒါပေမဲ့ အရေးကြီးတဲ့ တစ်ချက်က ဒီလှုပ်ရှားမှု အားလုံးဟာ ဘေဂျင်းမှာရှိတဲ့ တရုတ် အစိုးရက ဗဟိုချက်ကနေ ချုပ်ကိုင်ပြီးမောင်းနှင်နေတယ်လို့ မယူဆသင့်ဘူး ဆိုတာပါပဲ။ အဲဒီကွန်ရက်တွေကို တရုတ် အစိုးရက ညွှန်ကြားနေပါတယ်ဆိုတဲ့ အထောက်အထားမျိုး လက်ရှိ အချိန်ထိ လုံးဝ မတွေ့သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ကွန်ရက်တွေကနေတဆင့် ကောင်းကျိုး တစ်ခုခု ခံစားရမယ်ဆိုရင်၊ အထူးသဖြင့် ထိလွယ်ရှလွယ် နယ်စပ်အရေးတွေမှာဝေဖန်ပြစ်တင်မှုတွေကိုလျှော့ချဖို့ အထောက်အကူကောင်း ရလာမယ်ဆိုရင် တရုတ်အစိုးရကတော့ လိုလိုလားလား ဖြစ်နေမှာပါပဲ။
နောက်ပြီး အဲဒီအရွေ့ဟာ တရုတ်ရဲ့ ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေးရည်မှန်းချက်တွေနဲ့လည်း အစပ်အဟပ် တည့်နေပါတယ်။ အမေရိကန် ငြိမ်းချမ်းရေးသုတေသနဌာန (USIP)ကတရုတ်ဟာ နယ်စပ် လုံခြုံရေးနဲ့ ကင်းလှည့်မှုတွေမှာ Global Security Initiative (GSI) မူအရ မြန်မာ၊ လာအို၊ ထိုင်းတို့လို အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုမြှင့်တင်လာခဲ့ပါတယ်။အဲဒီအခင်းအကျင်း
မှာ နယ်စပ်က ငွေလိမ်ဂိုဏ်း၊ ဒုစရိုက် ကွန်ရက်တွေဟာ လူထုအမြင်ကို ခြယ်လှယ် ပြောင်းလဲနိုင်ရေး အသုံးဝင်မယ်ဆိုရင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ကာကွယ်လိုတဲ့ တရုတ်ရဲ့ ရေရှည် ရည်မှန်းချက်တွေကိုလည်းအကူအညီရစေပါလိမ့်မယ်။
ဒီတော့လက်ရှိကြုံနေတဲ့အရွေ့အသစ်ဟာ သတင်းအချက်အလက် အမှားတွေ ဖြန့်ဝေရုံ သက်သက်တင်မဟုတ်တော့ပါဘူး။ ဒါဟာ သတင်းအချက်အလက် နယ်မြေသစ်တစ်ခု ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။ အဲဒီ ပုံစံသစ်ကို ပညာရှင်တွေ၊ သံအရာရှိတွေက ကိုင်တွယ် ဖန်တီးနေတာ မဟုတ်ပါဘူး။ ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဒစ်ဂျစ်တယ် လက်နက်တိုက်တွေက လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ခပ်မြန်မြန်ရွေ့ပြီးဘဏ္ဍာရေး အထောက်အပံ့ ကောင်းကောင်း ရထားသလို တရားမဝင် စီးပွားရေး လုပ်ငန်းတွေ ဆက်နွှယ် ပတ်သက်လာတဲ့ ဝါဒဖြန့် အော်ပရေးရှင်း အသစ်တွေလို့ သတ်မှတ်နိုင်ပါတယ်။
ဒါပေမဲ့လည်းဝန်းကျင်အသစ်မှာမေးခွန်းအဟောင်းတွေကတော့ တည်မြဲနေဆဲပါ။အစိုးရ တစ်ရပ်ရပ်က နောက်ကွယ်ကနေ ဒီယန္တရားကို မောင်းနှင်နေသလား၊ ဒါတွေက ဝါဒဖြန့် လှုပ်ရှားမှုတွေလားစသဖြင့်ပေါ့။ တကယ့် အရေးကြီးတဲ့ မေးခွန်းက လူထုရဲ့ အမြင်၊ ခံစားမှုနဲ့ ယုံကြည်ချက်တွေကို ပြောင်းလဲဖို့ ဘယ်သူ့မှာ ပါဝါရှိနေသလဲ ဆိုတာပါ။ အဲဒီ စွမ်းအားကို ပညာရှင်တွေ၊ သံရုံးတွေက ပိုင်ဆိုင်ထားတာမျိုး မဟုတ်ပါဘူး။ လူထုအမြင်ကို ချုပ်ကိုင်ပြီး ခြယ်လှယ်ရမယ်လို့ တွေးနေတဲ့ နယ်စပ်ဖြတ်ကျော် အစုအဖွဲ့တွေက သူတို့နေရာကို အစားထိုးယူလာပါပြီ။
ဒါဟာ ကောက်ချက်တစ်ခုတော့ မဟုတ်သေးပါဘူး။ အစောပိုင်း သတိပေးတဲ့ အဆင့်လို့ပဲ ယူဆရအောင်ပါ။တိုက်ရိုက်ကျပြီး ခိုင်မာတဲ့အထောက်အထားတွေ မရှိသေးတဲ့တိုင်အောင် နိမိတ်ပြမှုတွေကတော့ မမှားနိုင်ပါဘူး။ ဒီဖြစ်ရပ်တွေဟာ သီးခြားစီ ရွေ့နေတဲ့ လိမ်လည်မှုတွေ၊ အွန်လိုင်းပေါ်က ထူးခြားဖြစ်စဉ်တွေလို့ ခွဲခြား မြင်နေလို့ မရပါဘူး။
ဒါတွေဟာ ပိုမိုကျယ်ပြန့်တဲ့ နှစ်မျိုးစပ် (hybrid) ဖြန့်ကျက် လွှမ်းမိုးမှု ဂေဟစနစ် တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။ အဲဒီ ဂေဟစနစ်ထဲမှာ ရာဇဝတ်မှု၊ မီဒီယာ၊ ပထဝီဝင် နိုင်ငံရေးတွေဟာ လူမှုကွန်ရက် algorithm တွေရဲ့ ဖြန့်ကျက်မှုအရိပ်အောက်မှာ ခိုအောင်းနေကြပါတယ်။ ။

















































