ဧပြီ – ၉၊၂၀၂၆/People’s Spring
“မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင်မပြောနဲ့၊ လိမ့်ဝံ့တဲ့သူဟာ မလုပ်ရဲတဲ့ အကုသိုလ်မရှိ”လို့ဗုဒ္ဓက အဆုံးအမထားခဲ့ပါတယ်။ ဘာသာ ၊သာသနာ ကို စောင့်ရှောက်တယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ဗုဒ္ဓအဆုံးအမကို ကျောခိုင်းပါတယ်။
အဲဒီအစားဟစ်တလာရဲ့ “လိမ်စရာရှိရင် ကြီးကြီးမားမားလိမ်ပါ”ဆိုတဲ့ သြဝါဒကို လိုက်နာပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်တွေကြား ဖက်ဆစ်ဥသျှောင် ဟစ်တလာရဲ့ မုသာဝါဒဖြန့်ချီရေး နည်းလမ်း ကိုကျင့်သုံးသူက အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ ၊ ဝါဒဖြန့်ချီရေးမှုး ဗိုလ်ချုပ်ဇော်မင်းထွန်းပါ။
သူဟာ နိုင်ငံတကာနဲ့လူထုကို လိမ်ညာဝါဒဖြန့်ပြီး အမှန်ကိုအမှားဖြစ်အောင် ၊အမှားကိုအမှန်လို့ ယုံကြည်လာအောင် ဟစ်တလာလမ်းစဉ် ကိုင်စွဲခဲ့သူပါ။

Public Service Announcement
စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း သူဟာ မုသာဝါဒ ကို ထမင်းစားရေသောက်သလို အကြိမ်ကြိမ်ကျုးလွန်ပါတယ်။ အကြီးမားဆုံးမုသာဝါဒက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် စစ်တပ်ကပစ်ခတ်လို့သေဆုံးတာကို PDF လက်ချက်လို့ သူဦးဆောင်တဲ့ မြဝတီရုပ်မြင်သံကြားက ဗြောင်လိမ်ခဲ့တာပါ။
အဲဒီလိမ်လည်မှုက ရက်ပိုင်းတောင်မခံပါဘူး။ ပစ်ခတ်ခံရမှုမှာပါဝင်ခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်က ဖြစ်စဉ်ကို မိန့်ကြားရာမှာ စစ်တပ်လက်ချက်ဆိုတာ ဘွင်းဘွင်းကြီးပေါ်ပေါက်သွားပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်တပ်အသိုင်းအဝိုင်းကိုလည်း လိမ်ပါတယ်။
စစ်တပ်ရဲ့ သမိုင်းတလျောက်အဆိုးရွားဆုံးစစ်ရေး အရေးနိမ့်မှုအဖြစ် တပ်စခန်းတွေ ၊မြို့တွေ လက်လွှတ်ရတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်တဲ့ စခန်းသိမ်း၊ ဓာတ်ပုံတွေဟာ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး ဓာတ်ပုံဝင်ရိုက်သွားတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ လိမ်လည်ခဲ့တာပါ။
ဆင်သေကို ဆိတ်သားရေ နဲ့ဖုံးတဲ့ လိမ်လည်မှုဟာမအောင်မြင်တဲ့အခါ ရှမ်းမြောက်က စခန်းတွေ ဆုံးရှုံးတာက စစ်ဗျုဟာအရ “ဟ”ပေးခဲ့တာလို့ ပြန်လည်လှည့်စားပါသေးတယ်။
နောက်ပိုင်းတော့ ရှမ်းမြောက်နဲ့ပတ်သက်ပြီး သူ ဆက်မလိမ်နိုင်တော့ပါ။
ကလေးသူငယ်တွေ၊အမျိုးသမီးတွေ အရပ်သားအများအပြားသေဆုံးရတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကလည်းသူတို့ ရဲ့လက်ချက်ကြောင့်မဟုတ်သယောင်မုသားဆိုပါတယ်။
အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အသေအပျောက်အများဆုံးအဖြစ် လူ ၁၇၀ နီးပါးသေဆုံးခဲ့တဲ့ ပဇီကြီးရွာဖြစ်စဉ်မှာဆိုရင် အဲဒီလောက်လူသေရတာက PDF တွေရဲ့ ခဲယမ်းတွေ ၊ မိုင်းတွေရှိရာနေရာကို ဗုံးကျသွားတာကြောင့် စစ်တပ်ကို ကာကွယ်ခဲ့ပါတယ်။
တပ်မတော်ဟာ လက်နက်မဲ့ အရပ်သားကို တိုက်ခိုက်တာမရှိဘူးလို့ ဗြောင်လိမ်ပြန်ပါတယ်။
CNN သတင်းဌာန နဲ့ နေပြည်တော်မှာပြုလုပ်တဲ့အင်တာဗျုးမှာ ဇော်မင်းထွန်းငြင်းမရအောင် လက်နက်မဲ့အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ကပ်ကားပေါ်ကနေ မောင်းပြန်သေနတ်နဲ့ အနီးကပ်ပစ်ခတ်တဲ့ CCTV မှတ်တမ်းကို CNN သတင်းထောက်က ပြသချိန်မှာတောင် ရုပ်သံမှတ်တမ်းအချို့က သံသယဖြစ်ဖွယ်ရှိပြီး စစ်တပ်ကို နာမည်ဖျက်ချင်တဲ့ အကြမ်းဖက်သမားတွေက လုပ်ဆောင်နေတာလို့ ဝန်မခံဘဲ ငြင်းဆိုသွားခဲ့ပါတယ်။
အဲဒီလို ငါးနှစ်တာလုံးလုံး အာဏာသိမ်းစစ်တပ်ကို တစ်ဦးတည်း ဒိုင်ခံကာ လိမ်ညာပေးသူဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး လူမြင်ကွင်းရှေ့ကနေ ရုတ်တရက်ပျောက်သွားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ဘုရားပြီး ငြမ်းဖျက်ခံရတဲ့အထဲမှာ ဇော်မင်းထွန်းလည်းပါသွားတယ်လို့သတင်းတွေထွက်လာပါတယ်။
စစ်ခေါင်းဆောင်က ဦးဆွေးဆံမြည့် သစ္စာခံတွေကို အသိအမှတ်ပြုဆုပေးပွဲမှာ ဇော်မင်းထွန်းတစ်ယောက် မပါဝင်ပါ။စစ်ခေါင်းဆောင်ရဲ့ အစိုးရဖွဲ့သစ် စာရင်းမှာလည်း သူ့အမည်ကိုထည့်မထားပါဘူး။
အရပ်သားနေအိမ်တွေကို စစ်တပ်ကမီးမရှို့ပါဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ရှေ့မှာ ဗြောင်လိမ်ခဲ့တဲ့ မလုပ်ရဲတာမရှိသူ စစ်ခေါင်းဆောင်က သူ့ကို ဆက်မသုံးတော့ဘူးလို့ ကောက်ချက်ချလို့ရပါပြီ။
ပကတိအဖြစ်အမှန်နဲ့ကင်းကွာတဲ့လိမ်ညာလှည့်ဖျားဝါဒဖြန့်မှုတွေကို ဒုတိယကမ္ဘာ့စစ်ပွဲအတွင်း ဟစ်တလာ ကျင့်သုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒီနည်းလမ်းတွေကအလုပ်မဖြစ်တာကိုဆိုဗီယက်တပ်နီတော်ကြီး ဘာလင်မြို့ဆီချဉ်းကပ်လာချိန်ဘန်ကာထဲမှာ ကိုယ့်ကိုကိုယ်သတ်သေသွားရတဲ့ ဟစ်တလာက သက်သေပြနေပါတယ်။
ဟစ်တလာရဲ့ နာဇီတပ် ဝါဒဖြန့်ချီရေးမှုး ဂျိုးဇက်ဂိုးဘဲလ် လည်းနောက်ရက်မှာပဲ ခေါင်းဆောင်ကြီး ဟစ်တလာနောက်ကို လိုက်သွားရတဲ့ သာဓက ရှိထားပါတယ်။


















































