Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုဗစ်အတွက် ပထမဆုံး သောက်ဆေးတစ်မျိုးကို ဗြိတိန်မှာ သုံးစွဲခွင့်ပြု

လက်တွေ့ စမ်းသပ်မှုတွေအရ ဒီဆေးကို တစ်နေ့နှစ်ကြိမ် သောက်ခြင်းက ကိုဗစ်ရောဂါ လက္ခဏာတွေ ပြင်းထန်လာလို့ ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေကို သာမန်ထက် ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

ကိုဗစ်ရောဂါ ကုသရာမှာ သုံးစွဲတဲ့ သောက်ဆေးတစ်မျိုးကို ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိန် ဆေးဝါး လုံခြုံမှု ကွပ်ကဲရေးဌာန တာဝန်ရှိသူတွေက Molnupiravir ဆေးပြားဟာ ရောဂါလက္ခဏာ ထင်ထင်ရှားရှား ပြသနေတဲ့ ကိုဗစ်လူနာတွေအတွက် ထိရောက် သင့်တော်တဲ့ ရွေးချယ်မှု ကုထုံးတစ်ခုလို့ အသိအမှတ် ပြုခဲ့ပါတယ်။ ဒီဆေးကို တစ်နေ့ နှစ်ကြိမ် သောက်ရင် ကိုဗစ်ရောဂါ ပြင်းထန်လာနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီဆေးကို အမေရိကန်နိုင်ငံ၊ အတ္တလန္တာမြို့က အီမော်ရီ တက္ကသိုလ်မှာ တုပ်ကွေးရောဂါ ကုသဆေးအဖြစ် စတင် သုတေသနပြု တီထွင်ခဲ့တာပါ။ နောက်တော့ အမေရိကန် ဆေးကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Merckနဲ့ Ridgeback Biotherapeuticsတို့ ပူးပေါင်းပြီး ဆက်လက် အဆင့်မြှင့်တင်ခဲ့ကြပါတယ်။ Molnupiravirဟာ ဗိုင်းရပ်စ် အမျိုးအစား တချို့ကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်လည်း အပါအဝင် ဖြစ်ပါတယ်။

လက်တွေ့ စမ်းသပ်မှုတွေအရ ဒီဆေးကို တစ်နေ့နှစ်ကြိမ် သောက်ခြင်းက ကိုဗစ်ရောဂါ လက္ခဏာတွေ ပြင်းထန်လာလို့ ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေကို သာမန်ထက် ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဒ် ဂျာဗစ်ဒ်က Molnupiravirကို ကိုဗစ်ကုသဆေး အနေနဲ့ အသိအမှတ် ပြုလိုက်နိုင်ခြင်းဟာ ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗြိတိန်ဟာ ကိုဗစ်ရောဂါအတွက် ကုသဆေး တစ်မျိုးကို ပထမဆုံး အသိအမှတ်ပြု သုံးစွဲခွင့်ပေးတဲ့ နိုင်ငံအနေနဲ့ သမိုင်းသစ် ရေးထိုးခဲ့ပြီလို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဗြိတိန်ဟာ လူပေါင်း ၄၈၀၀၀၀ စာ ဆေးဝါးတွေကို ပထမအသုတ်အဖြစ် မှာယူထားပြီး အခုလထဲမှာ ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဆေးတွေကို လက်တွေ့ အသုံးချပြီး သိပ္ပံနည်းကျ အချက်အလက်တွေ ကောက်ယူသွားမှာပါ။ အဲဒီ အချက်အလက်တွေအပေါ် မူတည်ပြီးမှ နောက်တစ်သုတ် ဆေးဝါးတွေ မှာယူဖို့ သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Molnupiravirဆေးဟာ ကိုရိုနာဗိုင်းရပ်စ်က ပုံတူမျိုးပွားရာမှာ သုံးစွဲတဲ့ အင်ဇိုင်းတစ်မျိုးကို ပစ်မှတ်ထား တိုက်ခိုက်ပါတယ်။ ဆေးရဲ့ အာနိသင်ကြောင့် အင်ဇိုင်းမှာ မျိုးဗီဇကုဒ် အမှားတွေ ဖြစ်လာပြီး ဗိုင်းရပ်စ်က ပျံ့ပွားနိုင်စွမ်း လျော့သွားပါတယ်။ ဗိုင်းရပ်စ် ပမာဏ နည်းသွားတဲ့အခါ ရောဂါရဲ့ ပြင်းထန်နိုင်ခြေလည်း နည်းသွားပါတယ်။

Molnupiravir ဆေးဝါးကို ကိုဗစ်လူနာ ၇၇၅ ဦးမှာ သုံးစွဲကြည့်ခဲ့တဲ့အခါ ၇.၃ ရာခိုင်နှုန်းက ဆေးရုံ တက်ခဲ့ရပါတယ်။ တခြား ဗိုင်းရပ်စ် ကုသဆေး တစ်မျိုး သုံးစွဲစေတဲ့ နောက်ထပ် လူနာအစုအဖွဲ့မှာ ဆေးရုံတက်ရသူက ၁၄.၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ Molnupiravirဆေးနဲ့ ကုသမှု ခံယူထားတဲ့ လူနာတွေထဲမှာ အသေအပျောက် မရှိခဲ့ပေမယ့် နှိုင်းယှဉ်လေ့လာတဲ့ နောက်တစ်ဖွဲ့မှာတော့ လူ ၈ ဦး သေဆုံးခဲ့ပါတယ်။

ဒီဆေးကို ဗြိတိန်နဲ့ အမေရိကန် အစိုးရတွေက ပမာဏ အမြောက်အမြား မှာယူထားပြီး ဩစတြေးလျ၊ စင်ကာပူ၊ တောင်ကိုရီးယားတို့ကလည်း ဆေးဝယ်ဖို့ အသီးသီး စာချုပ် ချုပ်ဆိုထားကြပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။