ကမ္ဘာတလွှားမှာ ကိုဗစ်ရောဂါ ကူးစက် ခံရသူ စုစုပေါင်းဦးရေ သန်း ၂၅၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။
အရှေ့ဥရောပ ဒေသ နိုင်ငံတချို့မှာ ကူးစက်နှုန်း စံချိန်တင် မြင့်တက်လာတဲ့ အခြေအနေတွေနဲ့အတူ နိုဝင်ဘာ ၈ ရက်မှာ ကိုဗစ်ဖြစ်ပွားဖူးသူ ဦးရေက အခု ကိန်းဂဏန်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကမ္ဘာအနှံ့ ပျံ့နှံ့ ရောက်ရှိမှုကလည်း ကပ်ရောဂါ ကူးစက်နှုန်းကို ပိုမို ဆိုးရွားလာစေပါတယ်။
ကမ္ဘာ့နိုင်ငံ တော်တော်များများကလည်း စီးပွားရေး အကျပ်အတည်း ဒဏ်တွေကြောင့် နယ်စပ်နဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်ဖွင့်ပေးနေရခြင်းက ကပ်ရောဂါ ကူးစက်မှုတွေကို တားဆီးဖို့ အခက်တွေ့စေခဲ့ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း မြင့်မားတဲ့ နိုင်ငံတွေမှာတော့ ရောဂါ ကူးစက်နှုန်းက သိသိသာသာ ပြန်လည် ကျဆင်းလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ လနဲ့ ယှဉ်ရင်တော့ ကမ္ဘာတလွှားမှာ နေ့အလိုက် ရောဂါ ကူးစက်နှုန်းဟာ ၃၆ ရာခိုင်နှုန်းလောက် ကျရိပ် ပြလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာပါတယ်။ ဒါပေမဲ့ ပျမ်းမျှ အနေနဲ့ ရက်ပေါင်း ၉၀ ကြာတိုင်း ကမ္ဘာ့လူဦးရေ သန်း ၅၀ လောက်က ကိုဗစ်ရောဂါ ဖြစ်ပွားနေကြဆဲပါ။ Delta မျိုးကွဲသစ်ဟာ မူလ ကိုရိုနာ ဗိုင်းရပ်စ်ထက် ကူးစက်နှုန်း သိသိသာသာ ပိုမြန်တာကြောင့်လည်း အခုလိုမျိုး ရောဂါပျံ့နှံ့မှုတွေ ဆက်ပြီး အရှိန်ရနေတာပါ။

Public Service Announcement
ကျန်းမာရေး ပညာရှင်တွေကတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကာကွယ်ဆေးတွေ ဖြန့်ကျက် ထိုးနိုင်နိုင်စွမ်း မြင့်မားလာတာကြောင့် အဆိုးဆုံး အခြေအနေကို ကျော်လွှားလာနိုင်ပြီလို့တော့ အကောင်းမြင် မျှော်လင့်နေပါတယ်။ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ကျရင် ကပ်ရောဂါကို သိသိသာသာ ထိန်းချုပ်နိုင်တဲ့ အနေအထားထိ ရောက်လာမယ်လို့ ယုံကြည်ထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ ကူးစက်ရောဂါ အထူးပြု ပညာရှင် ဒေါက်တာ မာရီယာ ဗန် ခါကော့ဗ်က မှတ်ချက် ပေးခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၂၄၀ လောက်ရဲ့ အနေအထားကို ခြုံငုံ လေ့လာကြည့်တဲ့အခါ နိုင်ငံ ၅၅ ခုလောက်မှာ ကူးစက်နှုန်းက တက်ရိပ် ဆက်ပြနေတာကိုလည်း တွေ့ရပါတယ်။ အဲဒီထဲမှာ ရုရှား၊ ယူကရိန်းနဲ့ ဂရိတို့က အခြေအနေ အဆိုးဆုံး အနေအထားမျိုး ဖြစ်နေပါတယ်။
တစ်ဖက်မှာတော့ ဂျပန်နိုင်ငံဟာ တစ်နှစ်လောက်အတွင်း ကိုဗစ်ကြောင့် အသေအပျောက် လုံးဝမရှိတဲ့ နေ့တစ်နေ့ကို နိုဝင်ဘာ ၇ ရက်မှာ ပိုင်ဆိုင်လာခဲ့ပါတယ်။ အခုဆိုရင် ဂျပန်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး ထိုးပြီးနေပြီလို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ တရုတ်မှာတော့ နိုင်ငံသား အများစုကို ကာကွယ်ဆေး နှစ်ကြိမ်စီ ထိုးပေးထားတဲ့အတွက် ဆေးအလုံးရေ ၂.၃ ဘီလီယံလောက် အသုံးပြုပြီးနေပါပြီ။ တရုတ်ဟာ ကပ်ရောဂါကို အနိုင်နင်းဆုံး ချိုးနှိမ်နိုင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင် ကူးစက်လာတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် အခုဆိုရင် ကမ္ဘာတလွှားမှာ လူပေါင်း ၅ သန်းကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။


















































