အာဖရိကတိုက်မှာ တွေ့ရှိထားတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး (WHO)က အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပါတယ်။
တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ နိုင်ငံတကာ ကျန်းမာရေး ပညာရှင်တွေအတွက် တပ်လှန့်မှု ဖြစ်လာပါတယ်။ B.1.1.529လို့သာ ယာယီ ကုတ်ဒ်နာမည် သတ်မှတ်ရသေးတဲ့ မျိုးကွဲဟာ ရှိရင်းစွဲ အရင်မျိုးကွဲတွေထက် ကူးစက်နှုန်း ပိုမို မြန်ဆန်စေသလို ကာကွယ်ဆေးရဲ့ ရောဂါ ကူးစက်မှု ဟန့်တားနိုင်တဲ့ စွမ်းရည်ကိုလည်း ပိုမို လှည့်စား ကျော်ဖြတ်နိုင်မယ်လို့ ယူဆရကြောင်း တောင်အာဖရိက ကျန်းမာရေး ဝန်ကြီး ဂျိုးဖားလှာက ပြောပါတယ်။
မျိုးကွဲသစ်နဲ့ ပတ်သက်လို့ နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ် လေ့လာမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ကူးစက်နှုန်း ဘယ်လောက် ပိုမြန်လာစေသလဲ ဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုဟာ အရမ်း ထင်ထင်ရှားရှား ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ရှိရင်းစွဲ ဗိုင်းရပ်စ် မျိုးကွဲတွေကို ထောက်လှမ်း ဖျက်ဆီးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ B.1.1.529နဲ့ အတွေ့မှာ အာနိသင် ထက်မြက်နေဦးမယ်လို့ သေချာပေါက် အာမခံလို့ မရလောက်တော့ပါဘူး။
ဒီမျိုးကွဲသစ်ဟာ အားလုံးကို အငိုက်မိ အံ့ဩသွားစေခဲ့တယ်လို့ တောင်အာဖရိက ကပ်ရောဂါ တုံ့ပြန်ရေး ဆန်းသစ် တီထွင်မှု နည်းပညာဌာနရဲ့ တူလီယို ဒီ အိုလီဗီရာက ပြောပါတယ်။ ထင်ရှားတဲ့ အချက်တစ်ခုက B.1.1.529ဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှု အဆင့်တွေကို ခုန်ပျံကျော်လွှားသွားတာမျိုး တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။ WHOဟာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် နည်းတူ B.1.1.529ကိုလည်း ဂရိဘာသာနဲ့ ကုတ်ဒ်နာမည်တစ်ခု ပေးသွားဖွယ် ရှိနေပါတယ်။
အခုတော့ ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံ တချို့ဟာ ဒီဗိုင်းရပ်စ်မျိုးကွဲ ရောက်ရှိမလာအောင် တားဆီးဖို့အတွက် အာဖရိက တောင်ပိုင်း နိုင်ငံတွေက လာရောက်တဲ့ ခရီးသည်တွေကို ကန့်သတ် ထိန်းချုပ်ဖို့ စီစဉ်နေပါတယ်။ လောလောဆယ်တော့ တောင်အာဖရိကမှာ ဒီဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပြီး ကိုဗစ်ရောဂါ ဖြစ်ပွားသူ အရေအတွက်က နည်းနေသေးတယ်လို့ WHOက ဆိုပါတယ်။
တောင်အာဖရိကရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ဂျိုဟန်နက်စ်ဘက် တည်ရှိရာ ဂွာတန် ပြည်နယ်ထဲမှာ B.1.1.529 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ကူးစက်မှုတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေက ဝန်ခံပါတယ်။ အဲဒီဗိုင်းရပ်စ် ကူးစက် ခံရတဲ့ လူနာတွေကို ဟောင်ကောင်နဲ့ ဘော့ဆွာနာ နိုင်ငံတွေမှာပါ ဖော်ထုတ် တွေ့ရှိထားကြောင်း သိရပါတယ်။