Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေ တရုတ်က မြို့ကြီးတချို့ဆီ ကူးစက်

ဆန္ဒပြသူတွေဟာ တရုတ်ရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ရှောင်လွှဲဖို့အတွက် ဘာစာသားမှ ရေးမထားတဲ့ စာရွက်ဖြူ အလွတ်တွေကို ကိုင်ဆောင်လာကြပါတယ်။

ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေ တရုတ်က မြို့ကြီးတချို့ဆီ ကူးစက်
ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေ တရုတ်က မြို့ကြီးတချို့ဆီ ကူးစက်

ကိုဗစ် ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ တင်းကျပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေဟာ မြို့ကြီးတချို့ဆီ ပျံ့နှံ့ ရောက်ရှိလာတဲ့နောက် တရုတ် အာဏာပိုင်တွေက အရေးတကြီး တုံ့ပြန် ချိုးနှိမ်ဖို့ ကြိုးစားနေရပါတယ်။

တရုတ် အစိုးရဟာ ကပ်ရောဂါ ကူးစက်နှုန်း မြင့်မားတဲ့ ဧရိယာတွေမှာ တင်းတင်းကျပ်ကျပ် အသွားအလာ ကန့်သတ်ပြီး Lockdownချတဲ့ ဇီးရိုးကိုဗစ် မူဝါဒမျိုးကို ဆက်လက် ကျင့်သုံးနေဆဲပါ။ အဲဒီ မူဝါဒဟာ ခေတ်နဲ့ မလျော်ညီတော့သလို လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေကို အကြီးအကျယ် သက်ရောက် ထိခိုက်စေကြောင်း ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ ကပ်ရောဂါ ကူးစက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ဆိုရင် ဇီးရိုးကိုဗစ် မူဝါဒက လိုအပ်နေဆဲလို့ အကြောင်းပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်းကျန်းဒေသမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ထပ် ၉ ဦးလောက် ထိခိုက် ဒဏ်ရာတွေ ရခဲ့ပါတယ်။ အဲဒီ သေဆုံးသူတွေဟာ ကပ်ရောဂါ ထိန်းသိမ်းရေး စည်းမျဉ်းတွေအရ မီးလောင်နေတဲ့ တိုက်ခန်းကနေ ထွက်ခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ဇီးရိုးကိုဗစ် မူဝါဒအပေါ် ပြည်တွင်းမှာ ဝေဖန်ဆန့်ကျင်မှုတွေ ပိုမို ခါးသီးလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ တရုတ်ရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ လူပေါင်း ရာထောင်ချီ စုဝေးပြီး တရုတ် အစိုးရရဲ့ ရောဂါထိန်းချုပ်ရေး မူဝါဒအပေါ် ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်မှာ ဆန္ဒပြမှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားလေ့ ရှိတာကြောင့် အခုကိစ္စမျိုးက ရှားပါး အခြေအနေလို့ ဆိုနိုင်ပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေဟာ ဝူဟန်၊ လန်ဇူ၊ ချန်ဒူ၊ ရှီအန်၊ အူရွမ်၊ ဘေဂျင်းစတဲ့ မြို့ကြီးတွေကိုပါ ပျံ့နှံ့သွားပါတယ်။ ဒါ့အပြင် တရုတ် လူမှုကွန်ရက် မီဒီယ သုံးစွဲသူတွေကလည်း ဒီလှုပ်ရှားမှုတွေကို အားပေး ထောက်ခံနေတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူ တချို့ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ပေးဖို့ပါ အော်ဟစ် တောင်းဆိုခဲ့ကြပြီး ရဲတွေနဲ့လည်း ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အဖမ်းခံရသူတွေလည်း ရှိခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တင်းမာမှုတွေက ရှန်ဟိုင်းမှာ အမြင့်ဆုံး ဖြစ်နေသလို ရှန်ဟိုင်း ဒေသခံ တချို့က ရှင်းကျန်း မီးလောင်မှုမှာ သေဆုံးသူတွေအတွက် ရည်စူးတဲ့ ဆုတောင်းပွဲ တစ်ခုလည်း ကျင်းပပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ တရုတ်ရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ရှောင်လွှဲဖို့အတွက် ဘာစာသားမှ ရေးမထားတဲ့ စာရွက်ဖြူ အလွတ်တွေကို ကိုင်ဆောင်လာကြပါတယ်။ ဒါဟာ တရုတ်မှာ လွတ်လပ်စွာ ပြောဆိုခွင့် ကန့်သတ်ခံရတဲ့ အခြေအနေတွေကို ထင်ဟပ်စေပြီး လက်ရှိ ဆန္ဒပြပွဲတွေရဲ့ သင်္ကေတ တစ်ရပ်အသွင် ဆောင်လာပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်တာအတွင်း တရုတ်က တက္ကသိုလ် တော်တော်များများမှာလည်း ကျောင်းသူ ကျောင်းသားတွေက ကိုဗစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်လာကြပါတယ်။ တရုတ် လက်အောက်ခံ ဟောင်ကောင်မှာလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကို စာနာထောက်ခံကြောင်း ပြသတဲ့ လှုပ်ရှားမှုတွေ ရှိလာပါတယ်။

ဒီအခြေအနေတွေဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ဖိနှိပ်ပြီး ဆင်ဆာစည်းမျဉ်းတွေ တင်းကျပ်ထားတဲ့ တရုတ် အာဏာပိုင်တွေကို အကြီးအကျယ် တပ်လှန့်လိုက်တဲ့ စိန်ခေါ်မှုမျိုး ဖြစ်လာပါတယ်။ လက်ရှိ ဆန္ဒပြပွဲတွေက တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယှဉ်ရင် ပမာဏ သေးငယ်တယ်လို့ ဆိုနိုင်ပေမယ့် ပေါ့ပေါ့တန်တန် သဘောထားလို့ မရကြောင်း တရုတ် အစိုးရက ယူဆထားပြီး ဖိဖိစီးစီး တုံ့ပြန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။