Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တာဝေးပစ် မဟာဗျူဟာ ဒုံးကျည် အမျိုးအစားသစ်ကို အိန္ဒိယ စမ်းသပ်

ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦး ပြောကြားထားမှုအရ Agni-Vဟာ ၁၇ မီတာမြင့်ပြီး ၁.၅ တန်လေးတဲ့ ထိပ်ဖူးမျိုးကို သယ်ဆောင်နိုင်သလို ပစ်မှတ်ကို တိတိကျကျ ဖျက်ဆီးနိုင်စွမ်း မြင့်မြင့်မားမား ရှိနေတယ်လို့ သိရပါတယ်။

တာဝေးပစ် မဟာဗျူဟာ ဒုံးကျည် အမျိုးအစားသစ်ကို အိန္ဒိယ စမ်းသပ်
တာဝေးပစ် မဟာဗျူဟာ ဒုံးကျည် အမျိုးအစားသစ်ကို အိန္ဒိယ စမ်းသပ်

နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်ပြီး တာဝေး ပျံသန်းနိုင်တဲ့ မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယက ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က ပစ်လွှတ်ခဲ့တဲ့ Agni-V ဒုံးကျည်ဟာ ကီလိုမီတာ ၅၀၀၀ အကွာအဝေးလောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်ခဲ့ပြီး စမ်းသပ်မှု ရလဒ်က အပြည့်အဝ စိတ်ကျေနပ်စရာ ဖြစ်ခဲ့တယ်လို့ အိန္ဒိယ အစိုးရက ထုတ်ပြန်ပါတယ်။ ဒုံးကျည်ကို ဩရိသပြည်နယ် ကမ်းရိုးတန်းနားက အက်ဘဒူ ခါလမ် ကျွန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယက Agni-Vကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခြင်းက နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို အထိရောက်ဆုံး မြှင့်တင်နိုင်မှု တစ်ခုလို့ ညွှန်းဆိုပါတယ်။ အရင်မျိုးဆက်တွေ ဖြစ်တဲ့ Agni Iကနေ IVအထိ ဒုံးကျည်တွေကတော့ အကွာအဝေး ၇၀၀ မီတာနဲ့ ၃၅၀၀ မီတာကြားလောက်ထိ ရောက်ရှိနိုင်ပါတယ်။

အိန္ဒိယဟာ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီး ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို အမီလိုက်နိုင်ဖို့အတွက် အခုလို မဟာဗျူဟာ ဒုံးကျည် နည်းပညာသစ်တွေ စမ်းသပ်နေရတာပါ။ တရုတ်မှာတော့ Dongfeng-41လိုမျိုး ကီလိုမီတာ ၁၂၀၀၀ နဲ့ ၁၅၀၀၀ ကြားလောက်ထိ ပျံသန်းနိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ရှိနှင့်ပြီးသားပါ။

Public Service Announcement

Public Service Announcement

Agni-Vရဲ့ ပျံသန်းနိုင်စွမ်းအရ အိန္ဒိယဟာ တရုတ်နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို လက်လှမ်းမီမီ တိုက်ခိုက်နိုင်တဲ့ အခြေအနေမျိုးတော့ ရှိလာပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ဟာ နယ်စပ်ရေးရာ တင်းမာမှုတွေ ရှိနေခဲ့ရာက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးက ပိုမို ကျဆင်းလာခဲ့ပါတယ်။

အိန္ဒိယ ဒုံးကျည်စမ်းသပ်မှုနဲ့ နီးစပ်တဲ့ အစိုးရ အရာရှိ နှစ်ဦးက Agni-V စမ်းသပ်မှုဟာ လုံးဝဥဿုံ စိတ်ကျေနပ်စရာ အောင်မြင်မှုမျိုး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အစိုးရကတော့ ဒုံးကျည် ပျံသန်းမှု လမ်းကြောင်းနဲ့ လျာထားပစ်မှတ် အစရှိတဲ့ စမ်းသပ်မှု အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။

ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦး ပြောကြားထားမှုအရ Agni-Vဟာ ၁၇ မီတာမြင့်ပြီး ၁.၅ တန်လေးတဲ့ ထိပ်ဖူးမျိုးကို သယ်ဆောင်နိုင်သလို ပစ်မှတ်ကို တိတိကျကျ ဖျက်ဆီးနိုင်စွမ်း မြင့်မြင့်မားမား ရှိနေတယ်လို့ သိရပါတယ်။

အိန္ဒိယဟာ ဇွန်လတုန်းကလည်း နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ Agni-IV ဒုံးကျည်တစ်စင်းကို ညပိုင်းမှာ ပစ်လွှတ် စမ်းသပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အိန္ဒိယ စစ်တပ်ဟာ အောင်မြင်တဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ မေလတုန်းကဆိုရင်လည်း BrahMos စူပါဆောနစ် ခရုစ်ဒုံးကျည်ရဲ့ ပျံသန်းနိုင်စွမ်း အကွာအဝေး ထပ်မြှင့်ထားတဲ့ ဗားရှင်း အသစ်ကို Su-30 MKI တိုက်လေယာဉ်ကနေ အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး BrahMosရဲ့ သင်္ဘောဖျက် မူကွဲ ဒုံးကျည်ကိုလည်း အိန္ဒိယ ရေတပ်က ဧပြီလမှာ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ Agni-Vကို မလွှတ်တင်ခင် နာရီပိုင်း အလိုကတည်းက အိန္ဒိယ အာဏာပိုင်တွေက ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့သလို ဘင်္ဂလား ပင်လယ်အော်မှာလည်း လေယာဉ် မပျံသန်းရဇုန်တစ်ခု ယာယီ သတ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။