Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်နဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကနေဒါ အမတ်တစ်ဦး ပါတီက နုတ်ထွက်ရ

ကော့ဗ်ရစ်ဂ်နဲ့ စပေဗာတို့ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာပြီး နောက်တစ်နေ့မှာတော့ မန်ကို ကနေဒါ အာဏာပိုင်တွေက တရုတ်နိုင်ငံဆီ ပြန်ခွင့် ပြုခဲ့ကြောင်း သိရပါတယ်။

တရုတ်နဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကနေဒါ အမတ်တစ်ဦး ပါတီက နုတ်ထွက်ရ
တရုတ်နဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကနေဒါ အမတ်တစ်ဦး ပါတီက နုတ်ထွက်ရ

တရုတ်နဲ့ နိုင်ငံရေးအရ ရှုပ်ထွေးတဲ့ ဆက်ဆံမှုတွေ ရှိနေကြောင်း စွပ်စွဲမှုတွေအပြီး ကနေဒါ လွှတ်တော် အမတ် တစ်ဦးဟာ သူ့ရဲ့ ပါတီကနေ နုတ်ထွက်ခဲ့ရပါတယ်။

ဟန်ဒေါင်ဟာ တရုတ်နိုင်ငံမှာ အကျဉ်းချ ခံခဲ့ရတဲ့ ကနေဒါ နိုင်ငံသား နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားဖို့ တရုတ် သံအရာရှိ တစ်ဦးကို အကြံပြု လော်ဘီလုပ်ခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။ ဒီကိစ္စက သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိလာတဲ့နောက် ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူရဲ့ အာဏာရ လေဘာပါတီ အမတ်အဖြစ်ကနေ နုတ်ထွက်တော့မယ်လို့ ဒေါင်က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ သူက အခု စွပ်စွဲခံနေရတဲ့ ကိစ္စမျိုးတွေကို လုံးဝ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ နုတ်ထွက်တယ် ဆိုတာကလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပါတီကို အကျပ်မရိုက်စေချင်လို့သာ ဖြစ်ကြောင်း၊ ဒီလို စွပ်စွဲမှုတွေဟာ သူ့ရဲ့ ကနေဒါ နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်နဲ့ ကောင်းသတင်းတွေကို ထိုးနှက်တာ သက်သက်သာ ဖြစ်ကြောင်းလည်း ဒေါင်က ပြောကြားသွားပါတယ်။

နာမည် ဖော်မပြတဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ သတင်း ရင်းမြစ်တချို့ကို ကိုးကားပြီး ကနေဒါ သတင်းဌာန Global Newsက ဒေါင်ဟာ တိုရန်တိုမြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန် ဟန်တောင်းကို ကနေဒါ နိုင်ငံသားနှစ်ယောက် ပြန်လွှတ်ပေးရေးကိစ္စ အချိန်ဆွဲထားသင့်ကြောင်း အကြံပြုခဲ့တယ်လို့ ဖော်ပြသွားပါတယ်။

တိုရန်တိုမှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးကလည်း ဒေါင်နဲ့ သူတို့ကြား မရိုးမသား ဆက်နွှယ် ပတ်သက်ခဲ့တယ် ဆိုတာက လုံးဝ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်မျိုးလို့ ဝေဖန် တုံ့ပြန်ပါတယ်။

တရုတ်က ဖမ်းဆီးထားတဲ့ မိုက်ကယ် ကော့ဗ်ရစ်ဂ်နဲ့ မိုက်ကယ် စပေဗာတို့ဟာ သူလျှိုမှုနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် ရက်ပေါင်း ၁၀၀၀ ကျော်လောက် ကျခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ကို ဖမ်းဆီးတာဟာ တရုတ်ရဲ့ Huawei လုပ်ငန်းစု ထိပ်တန်း အရာရှိ မန်ဝမ်ဇူကို အမေရိကန်ရဲ့ ပန်ကြားမှုအရ ကနေဒါက ဖမ်းဆီးခဲ့တဲ့အပေါ် လက်တုံ့ပြန်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ခံခဲ့ရပါတယ်။

ကော့ဗ်ရစ်ဂ်နဲ့ စပေဗာတို့ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာပြီး နောက်တစ်နေ့မှာတော့ မန်ကို ကနေဒါ အာဏာပိုင်တွေက တရုတ်နိုင်ငံဆီ ပြန်ခွင့် ပြုခဲ့ကြောင်း သိရပါတယ်။