Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန်တိုက်ခိုက်မှုအပြီး အစ္စရေးက လုံခြုံရေး အစီအမံတွေကို အမြင့်ဆုံးအဆင့် မြှင့်တင်ထား

အီရန်က တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ သေဆုံးခဲ့တဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေး လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။

အီရန်တိုက်ခိုက်မှုအပြီး အစ္စရေးက လုံခြုံရေး အစီအမံတွေကို အမြင့်ဆုံးအဆင့် မြှင့်တင်ထား
အီရန်တိုက်ခိုက်မှုအပြီး အစ္စရေးက လုံခြုံရေး အစီအမံတွေကို အမြင့်ဆုံးအဆင့် မြှင့်တင်ထား

ရာနဲ့ချီ များပြားတဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အီရန်က ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့နောက် အစ္စရေး စစ်တပ်က လုံခြုံရေး အစီအမံတွေကို အမြင့်ဆုံးအဆင့် မြှင့်တင်ထားလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အီရန်တို့ဟာ ခါးသီး ရန်ဘက်တွေ ဖြစ်နေကြတဲ့တိုင် နှစ်နိုင်ငံကြား တိုက်ရိုက်ကျကျ တိုက်ခိုက်မှုမျိုးဟာ အခုတစ်ကြိမ် ပထမဆုံးပါ။ ဆီးရီးယား နိုင်ငံ၊ ဒမတ်စကက်မြို့က အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အတွက် အီရန်က အခုလို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တာ ဖြစ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုတွေ ရှိနေပါတယ်။

အခုကိစ္စကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ အစ္စရေး စစ်တပ်က အီရန်ပစ်ခတ်တဲ့ ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်း အစီး ၃၀၀ လောက်ကို အစ္စရေးနဲ့ တခြားနိုင်ငံတွေရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ရဲ့ တိုက်ခိုက်မှုကို အဆင်ခြင်မဲ့တဲ့ လုပ်ရပ်လို့ ရှုတ်ချခဲ့ပြီး ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အားလုံးနီးပါးကို အစ္စရေးက ပစ်ချနိုင်အောင် အမေရိကန်က ကူညီခဲ့ကြောင်း ပြောကြားသွားပါတယ်။

ဧပြီ ၁ ရက်နေ့ ဒမတ်စကက်မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု ခံရပြီး ကတည်းက အီရန် စစ်တပ်ဟာ အစ္စရေးကို လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။ ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ အီရန် ဩဇာခံ ပြောက်ကျားတွေနဲ့ စစ်သွေးကြွတွေက အစ္စရေးကို တိုက်ခိုက်မှုတွေ အရင်ကတည်းက ရှိခဲ့ပေမယ့် အီရန်ကိုယ်တိုင်က အခုလို အင်နဲ့အားနဲ့ တိုက်ခိုက်တာမျိုးတော့ မရှိခဲ့ဖူးပါဘူး။

Public Service Announcement

Public Service Announcement

အစ္စရေး စစ်တပ်က အခုအခါမှာ အမြင့်ဆုံး တပ်လှန့်မှုတွေ လုပ်ဆောင်ထားလိုက်ပြီး အီရန်ကို ဘယ်လိုဘယ်နည်းနဲ့ လက်တုံ့ပြန်မလဲ ဆိုတာကိုတော့ မကြေညာသေးပါဘူး။ အီရန် တော်လှန်ရေး အစောင့်တပ်က အစ္စရေးမှာရှိတဲ့ တိကျတဲ့ ပစ်မှတ်တွေကို အခုလို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကြေညာပါတယ်။

အီရန်က တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ သေဆုံးခဲ့တဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေး လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။

အီရန်ဖက်က တိုက်ခိုက်မှုတွေ စစချင်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက စစ်ကာလ အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးကို ချက်ချင်းဆင့်ခေါ်ခဲ့ပြီး တိုက်ခိုက်မှု ရပ်စဲသွားတဲ့နောက် အမေရိကန် သမ္မတ ဘိုင်ဒန်နဲ့ ဖုန်းပြောခဲ့ပါတယ်။ ဘိုင်ဒန်က အမေရိကန်ဟာ အစ္စရေးရဲ့ လုံခြုံရေးအတွက် အခိုင်အမာ အာမခံ စောင့်ရှောက်သွားမယ်ဆိုတာကို ထပ်လောင်း ကတိပြုခဲ့ပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီက အီရန် ဒုံးကျည်တချို့ အစ္စရေး ပိုင်နက်ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်းနဲ့ စစ်စခန်း တစ်ခုမှာ အသေးစား ထိခိုက်မှုတွေ ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။ အစ္စရေး တောင်ပိုင်းက အာရာ့ဒ် ဒေသမှာတော့ ပစ်ချခံရတဲ့ ဒုံးကျည် အပျက်အစီး အစအနတွေ ထိမှန်တဲ့အတွက် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အီရန်ရဲ့ ဧပြီ ၁၃ ရက်နေ့ည တိုက်ခိုက်မှုဟာ တင်းမာမှုတွေကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးလိုက်တာဖြစ်ကြောင်း၊ မဟာမိတ်တွေ၊ လက်တွဲဖော်တွေနဲ့အတူ အစ္စရေးဟာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ အင်ပြည့်အားပြည့် စီမံလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဟာဂါရီက ဆိုပါတယ်။ သူက အီရန်ဖက်က ပစ်ခတ်တဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေထဲက ၉၉ ရာခိုင်နှုန်းလောက်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

အမေရိကန် စစ်ဘက် အရာရှိတချို့ကလည်း အီရန် ဒုံးကျည်တွေကို အမေရိကန်က ကြားဖြတ် ပစ်ချပြီး အစ္စရေးကို ကူညီခဲ့တယ်လို့ ပြောပေမယ့် အရေအတွက် ဘယ်လောက် ဆိုတာနဲ့ ဘယ်လို နည်းလမ်းတွေကို အသုံးပြုခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အဲဒီကာလအတွင်း အီရတ်နဲ့ ဆီးရီးယားတို့မှာပါ တိုက်လေယာဉ်တွေ စေလွှတ်ထားပြီး လေထဲ တက်လာတဲ့ ခြိမ်းခြောက်မှု မှန်သမျှကို ပစ်ချဖို့ ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံ အနှံ့မှာတော့ လေကြောင်းအန္တရာယ် အချက်ပေးသံတွေ ဆူဆူညံညံ မြည်ဟည်းနေခဲ့ပါတယ်။ ကောင်းကင်ယံမှာလည်း ကျူးကျော်ဝင်ရောက်လာတဲ့ စစ်လက်နက်တွေကို အစ္စရေး ဒုံးခွင်းဒုံးတွေက ပစ်ချလို့ တောက်တောက်ပပ ပေါက်ကွဲနေတာတွေကို မြင်နေခဲ့ရပါတယ်။

အီရန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီး နှစ်ဖက် ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်ချိန်တုန်းက အစ္စရေး ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေက အီရန်သာ အစ္စရေး ပိုင်နက်ကို ထိပါးတိုက်ခိုက်လာရင် အစ္စရေးကလည်း မညှာမတာ တုံ့ပြန်မယ်လို့ သတိပေးထားခဲ့ဖူးပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။