ပါတီ ကိုယ်စားလှယ်တွေ စုပေါင်းမဲပေးမှုအရ လက်ရှိ ဒုတိယ သမ္မတဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ဝင်မပြိုင်တော့မယ့် ရွေးကောက်ပွဲမှာ ပါတီကို ကိုယ်စားပြုခွင့် ရသွားခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်နဲ့ ထိပ်တိုက် ရင်ဆိုင်သွားတော့မှာပါ။
ဘိုင်ဒန်က ရွေးကောက်ပွဲ မဝင်တော့တဲ့အခါ လုပ်ထုံးလုပ်နည်းအရ ပါတီထဲမှာ ရွေးကောက်ပွဲဝင် သမ္မတလောင်း တစ်ယောက်ကို မဲပေးရွေးချယ်ဖို့ လိုအပ်လာပေမယ့် ဟားရစ်ကို စိန်ခေါ်သူ မရှိခဲ့ပါဘူး။ သူဟာ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဘာရတ်အိုဘားမားနဲ့ ဘီလ်ကလင်တန်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီ ပလော့စီနဲ့ လက်ရှိ သမ္မတ ဘိုင်ဒန်တို့လို အရေးပါတဲ့ ပါတီခေါင်းဆောင်ပိုင်းတွေဆီက ထောက်ခံမှုကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။
ဟားရစ်ဟာ အမေရိကန် သမိုင်းမှာတော့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး လူမည်းသွေးနှောသူ အမျိုးသမီး၊ ပထမဆုံး အာရှတောင်ပိုင်းနွယ်ဖွား လူပုဂ္ဂိုလ်အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်တော့မှာပါ။ တကယ်လို့ သူသာ နိုဝင်ဘ ရွေးကောက်ပွဲမှာ ထရမ့်ကို အသာစီး ယူနိုင်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ အဖြစ်လည်း ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။
လကုန်ပိုင်းမှာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီ ပြည်လုံးကျွတ် ညီလာခံ DNC မတိုင်ခင် ပါတီဝင်တွေဆီက ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ထောက်ခံမှု ဆန္ဒမဲတွေကို ကြိုတင် ကောက်ယူရာမှာ ဩဂုတ် ၂ ရက်နေ့က ဟားရစ်ဟာ ပါတီ ကိုယ်စားလှယ် ၂၃၅၀ ဆီက ထောက်ခံမှုကို ရရှိထားပြီး ဖြစ်နေခဲ့ပါတယ်။ ဒါဟာ ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်ခွင့်အတွက် လိုအပ်တဲ့ မဲအရေအတွက်ထက် ကျော်လွန်သွားတဲ့ အတိုင်းအတာပါ။
ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားလှယ် ၃၉၂၃ ဦး၊ တစ်နည်းအားဖြင့် မဲပေးရွေးချယ်ခွင့် ရှိသူ အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းဟာ ဟားရစ်ကိုပဲ မဲပေးကြမယ်လို့ ယူဆရပါတယ်။
အသက် ၅၉ နှစ်အရွယ် ဟားရစ်အတွက် အခုအခါ အဓိက အာရုံစိုက်ရမယ့် ကိစ္စကတော့ အတူတွဲပြီး ရွေးကောက်ပွဲဝင်မယ့် ဒုတိယ သမ္မတလောင်းကို ရွေးချယ်ဖို့ပါပဲ။ ဒုတိယ သမ္မတလောင်း ဘယ်သူဘယ်ဝါ ဆိုတာဟာ ပါတီစွဲ မရှိတဲ့ ပြည်နယ်တွေဆီက ဆန္ဒမဲတွေကို ဆွဲဆောင်ရာမှာ အရေးပါလာနိုင်ပါတယ်။ သတင်းတွေ အရတော့ ဟားရစ်ဟာ လာမယ့် သီတင်းပတ် အစောပိုင်းမှာ သူ့ရဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်မယ့်သူကို ရွေးချယ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
ကိုးကား: Reuters