Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ လက်တုံ့ပြန်နိုင်ခြေကြောင့် အစ္စရေးကို ကာကွယ်ဖို့ အမေရိကန် တိုက်လေယာဉ်တွေ ဖြန့်ကျက်

အီရန်နဲ့ ဒေသတွင်း မဟာမိတ် လက်နက်ကိုင် အင်အားစုတွေက လက်တုံ့ပြန် တိုက်ခိုက်လာရင် အစ္စရေးကို ကူညီ ကာကွယ်ဖို့အတွက် အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်လေယာဉ်တွေ တိုးမြှင့် ဖြန့်ကျက်ထားလိုက်ပါတယ်။

ဟားမားစ် ပြောက်ကျား အဖွဲ့ရဲ့ နိုင်ငံရေး အကြီးအကဲလည်းဖြစ်၊ အီရန် အစိုးရရဲ့ အမာခံ မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ အစ္စမေးလ် ဟာနီယာဟာ အီရန်နိုင်ငံမှာ အခုသီတင်းပတ်ထဲ လုပ်ကြံခံခဲ့ရတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

အီရန်က ဒီလုပ်ကြံမှုဟာ အစ္စရေးလက်ချက်လို့ တပ်အပ် စွပ်စွဲပြီး ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေနဲ့ လက်တွဲပြီး ကလဲ့စား ချေသွားမယ်လို့ ကြုံးဝါးထားပါတယ်။

ဟာနီယာ လုပ်ကြံခံမှုဟာ အီရန်ရဲ့ တခြားမဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ဦးကို လက်ဘနွန် ပိုင်နက်ထဲမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှု တစ်ခု လုပ်ဆောင်ပြီး ရှင်းလင်းခဲ့ပြီး နာရီပိုင်း အကြာမှာ ကြုံတွေ့လာတာပါ။ နောက်ပြီး ဟာနီယာ သေဆုံးခဲ့တဲ့နောက် သိပ်မကြာခင်မှာပဲ အစ္စရေးက ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိချုပ် တစ်ဦးကိုလည်း ဇူလိုင်လလယ်မှာ ကတည်းက လေကြောင်းတိုက်ခိုက်မှုနဲ့ သုတ်သင်ခဲ့ပြီး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေး အစိုးရဟာ ဟာနီယာ သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေသလို အီရန်ရဲ့ စွပ်စွဲချက်အပေါ် ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှ မရှိပါဘူး။

အခုအခါ အမေရိကန်က ဖြစ်လာနိုင်ခြေ အားလုံးအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ဒုံးကျည်ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖြန့်ကျက်ထားသလို တိုက်လေယာဉ်တွေကိုလည်း ပိုမို ဖြည့်တင်းနေပါတယ်။ အစ္စရေးရဲ့ လုံခြုံရေးကို သံကွန်ချာ အုပ်ထားသလို ကူညီကာကွယ်ပေးမယ့် ကတိကို အမေရိကန်က ကျိန်းသေပေါက် ဖြည့်ဆည်းမှာ ဖြစ်တယ်လို့လည်း ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဟာမိတ် အစ္စရေး နိုင်ငံကို အကာအကွယ် ပေးဖို့အတွက် အမေရိကန်ရဲ့ ပြင်ဆင်မှုတွေကို ချဲ့ထွင်ထားကြောင်း၊ ကြုံလာနိုင်ခြေ ခြိမ်းခြောက်မှု အားလုံးအတွက် အမေရိကန်က အသင့်ပြင်နေကြောင်း ပင်တဂွန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအခါ ဒုံးကျည်ကာကွယ်ရေး စွမ်းဆောင်ရည် အရမ်းအားကောင်းတဲ့ အမေရိကန် ခရူဇာ သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေလည်း အရှေ့အလယ်ပိုင်း ဒေသတဝိုက် ရေပြင်ဆီ ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဧပြီ ၁၃ ရက်နေ့က အစ္စရေး ပိုင်နက်ထဲ အီရန်က ဒုံးကျည်နဲ့ ဒရုန်းတွေ အလုံးအရင်း ပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်မှု မတိုင်ခင်ကလည်း ဒေသတွင်းမှာ အလားတူ ကာကွယ်ရေး အစီအမံတွေ မြှင့်တင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အီရန် ပစ်လွှတ်တဲ့ ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၃၀၀ လောက်ဟာ အစ္စရေး ပိုင်နက်ထဲ မရောက်ခင် အားလုံးနီးပါး ကြားဖြတ် ပစ်ချတာ ခံခဲ့ရပါတယ်။

အမေရိကန်ဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲထက် ပိုတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခမျိုးအဖြစ် ကျယ်ပြန့်လာမှာကို အလေးအနက် စိုးရိမ်နေပြီး တစ်ချိန်တည်းမှာပဲ ဟာနီယာ လုပ်ကြံခံရပြီးတဲ့တိုင်အောင် ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးကိစ္စတွေ ဆက်လက် ဆွေးနွေးနိုင်အောင် တွန်းအားပေးနေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Facebook