ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် အဆင့်မြင့် တိုက်လေယာဉ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဖြစ် တိုက်လေယာဉ် ထုတ်လုပ်ရေးအပေါ် မျှော်လင့်ချက် အများကြီး ထားခဲ့တဲ့ လေတပ်အတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က အဲဒီ AT-5 Brave Eagle တိုက်လေယာဉ် ပျက်ကျမှုဟာ အင်ဂျင် မီးလောင်မှုကြောင့်လို့ ယူဆရကြောင်း ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။ လေယာဉ်မှူး နှစ်ယောက်ကတော့ ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လေယာဉ်တွေ တည်ဆောက်မှုကို ထိုင်ဝမ် အစိုးရပိုင် Aerospace Industrial Development ကော်ပိုရေးရှင်းက ဘတ်ဂျတ် ဒေါ်လာ ၂.၁ ဘီလီယံနဲ့ အကောင်အထည် ဖော်နေပြီး ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ် စမ်းသပ်အဆင့် ပျံသန်းနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ လေတပ်အတွက် စတင် အသုံးပြုခဲ့ပါတယ်။ လောလောဆယ် ထိုင်ဝမ် လေတပ်ဟာ အသံရဲ့ မြန်နှုန်းနီးပါး ပျံသန်းနိုင်တဲ့ အဲဒီ တိုက်လေယာဉ် အစီး ၃၀ ဝန်းကျင်လောက် ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ ဖြစ်စဉ်မှာတော့ တိုက်လေယာဉ်ဟာ တိုင်တွန်မြို့၊ ချီဟန်လေတပ်စခန်းကနေ ပျံတက်ခဲ့ပြီး မကြာခင်မှာပဲ အင်ဂျင်နှစ်လုံးစလုံးမှာ ပြဿနာ ဖြစ်နေတဲ့ အခြေအနေကို ကြုံခဲ့တာပါ။ လေယာဉ်မှူး နှစ်ယောက်ဟာ လေထီးနဲ့ ခုန်ထွက် လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ လေတပ်က ကြေညာပါတယ်။

Public Service Announcement
လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း လေတပ်က ဆိုပါတယ်။ ထိုင်ဝမ်ဟာ ၂၀၂၆ ခုနှစ်မှာ အဲဒီ တိုက်လေယာဉ် ၆၆ စီးထိ မှာယူဖို့ စီစဉ်ထားပြီး သက်တမ်း အိုဟောင်းနေပြီဖြစ်တဲ့ မော်ဒယ်ဟောင်း AT-3တွေ၊ အမေရိကန်လုပ် F-5 လေ့ကျင့်ရေး ဂျက်တွေနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားပါတယ်။ A-5တွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပျက်ကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ထိုင်ဝမ်မှာ စစ်လက်နက် အများစုကို အမေရိကန်ဆီက ဝယ်ယူနေပေမယ့်လည်း တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုကြီးထွားလာတဲ့ အခြေအနေမှာ ထိုင်ဝမ် အစိုးရဟာ ပြည်တွင်းဖြစ် ကာကွယ်ရေး ထုတ်ကုန်တွေ တည်ဆောက် ထုတ်လုပ်ရေးကို ပိုမို အားပေးလာခဲ့ပါတယ်။
AT-5တွေဟာ လေကြောင်းတိုက်ပွဲတွေနဲ့ မြေပြင် စစ်ဆင်ရေးတွေအတွက် လေ့ကျင့်နိုင်မယ့် လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်တွေအဖြစ် အဓိက ရည်ရွယ် တည်ဆောက်ထားပေမယ့် စစ်ဆင်ရေးတွေ အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပြီးတော့ တိုတောင်းတဲ့ ပြေးလမ်းတွေပေါ် အတက်အဆင်း ပြုလုပ်နိုင်စွမ်းလည်း ရှိပါတယ်။
လေယာဉ်မှာ ဒုံးကျည်နဲ့ စစ်လက်နက်တွေ တပ်ဆင်နိုင်ပြီး တကယ်လို့ စစ်ဖြစ်လာမယ့် အခြေအနေတွေကျရင် စစ်ဆင်ရေးအဆင့် ပြောင်းလဲ အသုံးပြုနိုင်ဖို့ပါ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ကိုးကား: CAN
