Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတကို အာဏာရှင်တစ်ယောက်လို့ ထရမ့် စွပ်စွဲ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အာဏာရှင် တစ်ယောက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ သုံးနှုန်းသွားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အာဏာရှင် တစ်ယောက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ သုံးနှုန်းသွားခဲ့ပါတယ်။

ဒီအခြေအနေက နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ဆက်ဆံရေးဟာ ဆက်တိုက် ယိုယွင်း ပျက်စီးလာနေတယ် ဆိုတာကို ထင်ရှား မြင်သာစေခဲ့ပါတယ်။

ထရမ့်က ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စ ဆွေးနွေးမှုကို ယူကရိန်းနဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေ မပါဘဲ ရုရှားနဲ့ တိုက်ရိုက်ဆက်သွယ် စကားပြောခဲ့ရာကစလို့ ဇီလန်စကီးနဲ့ ဆက်ဆံရေး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

ထရမ့်နဲ့ ပူတင်တို့ ဖုန်းပြောခဲ့ပြီးတဲ့ နောက်ဆက်တွဲ တစ်ဆင့်တက်မှု အနေနဲ့ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုကို ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ မပါဘဲ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေက အခုသီတင်းပတ် အစောပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယတ်ဒ်မြို့က အဲဒီ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဇီလန်စကီးက ထရမ့်ဟာ သတင်း အချက်အလက်မှန်တွေနဲ့ ကင်းကွာပြီး ရုရှားစိတ်ကြိုက် ခြယ်လှယ် ဖန်တီးထားတဲ့ ဇုန်တစ်ခုထဲမှာ နေထိုင်နေတာလို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဖလော်ရီဒါမှာ ဆော်ဒီအစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှု အစည်းအဝေး တစ်ခုမှာ ထရမ့်က ဇီလန်စကီးကို တန်ပြန် ထိုးနှက်ခဲ့ပါတယ်။ ယူကရိန်း သမ္မတဟာ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို စိတ်တိုင်းကျ ကစားပြခဲ့ပြီး အဲဒီအပိုင်းမှာ အမှန်တကယ် ကျွမ်းကျင်ခဲ့တယ်လို့ ထရမ့်က ထေ့ငေါ့ခဲ့ပါတယ်။

ပြီးတော့ ထရမ့်က ဇီလန်စကီးဟာ ပြည်တွင်းမှာ ရွေးကောက်ပွဲ မကျင်းပစေဘဲ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားတဲ့ အာဏာရှင် တစ်ယောက်ဖြစ်တယ်လို့လည်း သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ စွပ်စွဲ ရေးသားခဲ့ပါတယ်။

နောက်ပြီး ထရမ့်က ရုရှားနဲ့ စစ်ပွဲကို ယူကရိန်းက စတင်ခဲ့တာသာ ဖြစ်တယ်လို့လည်း ပြောင်ပြောင်တင်းတင်း မှားယွင်းစွပ်စွဲခဲ့ပြီး ဇီလန်စကီးဟာ နိုင်ခြေမရှိတဲ့ စစ်ပွဲ၊ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ခဲ့တာ မဟုတ်တဲ့ စစ်ပွဲမှာ အမေရိကန်ကို ဒေါ်လာ ၃၅၀ ဘီလီယံလောက် အသားလွတ် ကုန်ကျစေခဲ့ပြီး ဖြစ်တယ်လို့လည်း ဝေဖန်သွားပါတယ်။

ဇီလန်စကီးကို အာဏာရှင်လို့ ထရမ့်က စွပ်စွဲခြင်းဟာ မဟာမိတ်တွေကြားမှာ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပြီး ဂျာမန် အဓိပတိ အိုလက်ဖ်ရှော့ဇ်က ဒီစကားဟာ လုံးဝဥဿုံ မှားယွင်းနေပြီး သမ္မတ ဇီလန်စကီးရဲ့ ဒီမိုကရေစီ စံနှုန်းနဲ့အညီ တရားဝင် ရပ်တည်မှုကို ငြင်းဆိုတာဟာ အန္တရာယ် ကြီးလွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာကလည်း ဇီလန်စကီးဆီ တိုက်ရိုက်ဖုန်းခေါ်ပြီး သူနဲ့အတူ ထောက်ခံရပ်တည်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။ ဗြိတိန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဝန်ကြီးချုပ်ဟာ သမ္မတ ဇီလန်စကီးကို ယူကရိန်းရဲ့ ဒီမိုကရေစီနဲ့အညီ စစ်မှန်တဲ့ ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း ထပ်လောင်း ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

ဇီလန်စကီးရဲ့ ၅ နှစ် သမ္မတ သက်တမ်းဟာ ၂၀၂၄ ခုနှစ် မေလမှာ အဆုံးသတ်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လတုန်းက ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့အတွက် ယူကရိန်းမှာ ရွေးကောက်ပွဲကို ဆိုင်းငံ့ထားခဲ့ရတာ ဖြစ်ပါတယ်။

ဆွီဒင် ဝန်ကြီးချုပ် အူလ်ဖ် ခရစ္စတာဆန်ကလည်း အဲဒီ အခြေအနေကို သိလျက်နဲ့ အာဏာရှင်ဆိုတဲ့ စကားလုံးကို လက်လွတ်စပယ် ပြောဆိုတဲ့ ထရမ့်ကို ဝေဖန်ခဲ့ပြီး ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး အန်နာလီနာ ဘေယာဘော့ခ်ကလည်း ထရမ့်ရဲ့ အသုံးအနှုန်းအပေါ် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။