အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၀ ပြင်းအားအဆင့် ငလျင်ကြောင့် အသေအပျောက် ဦးရေဟာ ၆၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။
ဩဂုတ် ၃၁ ရက် ညသန်းခေါင်ယံ မတိုင်ခင်မှာ အဲဒီငလျင်ဟာ ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်နားကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ကူနာနဲ့ နန်ဂါဟာ ပြည်နယ်တွေထဲမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန် အဖွဲ့က ကြေညာခဲ့ပါတယ်။
ငလျင်ဟာ မြေမျက်နှာပြင်အောက် ၈ ကီလိုမီတာလောက် အကွာကို ဦးတည်ခဲ့တဲ့ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့်လည်း မြေပြင်ပေါ်မှာ ထိခိုက်သက်ရောက်မှုက ပိုပြင်းထန်ခဲ့ပါတယ်။ ပြီးတော့ ငလျင်လှုပ်တဲ့ အချိန်ကလည်း လူတွေ အိမ်မောကျနေတဲ့ ကာလမျိုး ဖြစ်တာကြောင့် အသေအပျောက် ပိုများခဲ့တာပါ။
ငလျင်ကြောင့် အဆောက်အအုံ အတော်များများ၊ အထူးသဖြင့် ကျေးရွာတွေထဲမှာ ရွှံ့တွေနဲ့ တည်ဆောက်ထားတဲ့ တဲအိမ်တွေ ပြိုကျကုန်ပါတယ်။ တချို့ရွာတွေဟာ ရွာလုံးကျွတ် အပျက်အစီးပုံကြီးတွေ ဘဝကို ချက်ချင်း ပြောင်းသွားခဲ့ပါတယ်။

Public Service Announcement
စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းထိ အခြေအနေအရ အသေအပျောက် စာရင်း ၆၁၀ ကျော် ရရှိထားပြီး ဒဏ်ရာရသူ ၁၅၅၀ ကျော်သွားပြီလို့ တာလီဘန် အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး သေဆုံးစာရင်းက ထပ်တိုးလာနိုင်ခြေ ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အက်ဘ်ဒူလ် မာတင်း ကွာနီက ဆိုပါတယ်။
သေဆုံး ဒဏ်ရာရသူ အများစုဟာ ကူနာဒေသထဲမှာ ကြုံခဲ့ရတာပါ။ နန်ဂါဟာမှာတော့ သေဆုံးသူ ၁၂ ဦးသာ အတည်ပြုထားပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၃၀၀ ကျော်ကလည်း ကူနာဒေသခံတွေ ဖြစ်ကြပါတယ်။
ကဘူးလ်မြို့တော်မှာ ရှိနေတဲ့ တာလီဘန် အာဏာပိုင်တွေကတော့ ကယ်ဆယ်ရေးနဲ့ ဒဏ်ရာရသူတွေကို ရွှေ့ပြောင်းနိုင်ရေးအတွက် ရဟတ်ယာဉ်တွေကိုပါ စေလွှတ်ပေးထားပါတယ်။
အပျက်အစီးတွေက အရမ်းများပြီး နေအိမ် အပြိုအပျက်တွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေနိုင်တာကြောင့် ထိခိုက်သေဆုံး စာရင်း သိသိသာသာ ထပ်တိုးလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ ဝေးလံသီခေါင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေဆီက ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် အခြေအနေတွေကို လက်လှမ်းမီဖို့ ခက်ခဲနေဆဲလို့လည်း သိရပါတယ်။ တချို့လမ်းတွေကလည်း ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ မြေပြိုမှုတွေ၊ မြေလွှာအက်ကွဲမှုတွေကြောင့် အသုံးပြုလို့ မရတော့ပါဘူး။
တာလီဘန်တွေကတော့ ငလျင်ဘေးသင့် ဒေသတွေဆီ နိုင်ငံတကာ အကူအညီတွေ အမြန်ဆုံး ပို့ဆောင်ပေးကြဖို့ တောင်းဆိုထားပါတယ်။
ငလျင်ကြီးအပြီး အဲဒီတဝိုက်မှာ နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လက် လှုပ်ခတ်နေပြီး အဲဒီထဲက အနည်းဆုံး ၂ ခုဟာ ပြင်းအား မဂ္ဂနီကျု ၅.၂ လောက်ထိ ရှိခဲ့တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ပြောပါတယ်။
ကုလသမဂ္ဂကတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း ထုတ်ပြန်ပါတယ်။ ပြီးတော့ ငလျင်ဘေးသင့် ထိခိုက်ခံစားရသူတွေအတွက် အထူးကြေကွဲ ဝမ်းနည်းကြောင်းလည်း ကုလသမဂ္ဂက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းကလည်း အာဖဂန်မှာ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်တစ်ခုနဲ့ အားကောင်းတဲ့ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်ခဲ့ပြီး လူ ၄၀၀၀ လောက် သေဆုံးတယ်လို့ တာလီဘန်တွေက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂကတော့ အသေအပျောက် စာရင်းကို ၁၅၀၀ ဝန်းကျင်လို့ ခန့်မှန်းခဲ့ပါတယ်။
ကိုးကား: Financial Times


















































