Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်မှာ ၅ ရက်အတွင်း ငလျင် ၃ ကြိမ်လှုပ်၊ ပထမငလျင်ကြောင့် သေဆုံးသူ ၂၂၀၀ ကျော်လွန်လာ

အာဖဂန် နစ္စတန်မှာ ၅ ရက်အတွင်း အဓိက ငလျင်ကြီး ၃ ခုထိ လှုပ်ခတ်ခဲ့သလို ပထမဆုံး ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ကလည်း ၂၂၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

အာဖဂန် နစ္စတန်မှာ ၅ ရက်အတွင်း အဓိက ငလျင်ကြီး ၃ ခုထိ လှုပ်ခတ်ခဲ့သလို ပထမဆုံး ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ကလည်း ၂၂၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ဩဂုတ် ၃၁ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၀ အဆင့် ငလျင်ကြီးရဲ့ဒဏ်ကို ခံစားခဲ့ရတဲ့ အာဖဂန် နစ္စတန် အရှေ့ဖက်စွန်း ဧရိယာတွေမှာပဲ နောက်ထပ် ငလျင်တွေ ထပ်ပြီး လှုပ်နေတာပါ။ ဒုတိယ ငလျင်က ပြင်းအား မဂ္ဂနီကျု ၅.၅ အဆင့်ရှိပြီး စက်တင်ဘာ ၂ ရက်နေ့က လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၄ ရက်မှာ မဂ္ဂနီကျု ၆.၂ အဆင့် ငလျင်တစ်ခုက အာဖဂန် အရှေ့တောင်ပိုင်းမှာ ထပ်ပြီး လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

တတိယ ငလျင်ဟာ ပါကစ္စတန်နဲ့ နယ်စပ်နားက ဝေးလံသီခေါင်တဲ့ ရှီဝါဒေသကို ဗဟိုပြုခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု သတင်းတွေ ရထားပေမယ့် အသေးစိတ်ကိုတော့ မသိရသေးကြောင်း နန်ဂါဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး နာကီဘူလာ ရာဟီမီက ပြောကြားခဲ့ပါတယ်။

နန်ဂါဟာရယ်၊ အိမ်နီးချင်း ကူနာပြည်နယ်ရယ်ဟာ ဩဂုတ် ၃၁ ရက်နေ့ ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုတွေ အဆိုးဆုံး ကြုံခဲ့တဲ့ ဒေသတွေပါ။ အဲဒီ ငလျင်ကြီးဟာ မြေတိမ်ပိုင်းကို ဦးတည်ခဲ့တဲ့ အတွက်လည်း မြေမျက်နှာပြင်ပေါ်မှာ ပိုမို ကြမ်းတမ်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ငလျင်ကြောင့် ရွာလုံးကျွတ် အပျက်အစီးပုံတွေအဖြစ် ပြောင်းသွားတဲ့ အခြေအနေတွေကိုတောင် ကြုံခဲ့ရပြီး စက်တင်ဘာ ၅ ရက် မနက်ပိုင်းထိ အသေအပျောက်စာရင်း ၂၂၀၅ ဦးထိ ရောက်ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၃၆၀၀ ကျော်ရှိပြီး လူပေါင်း ၈၄၀၀၀ လောက် ငလျင်ဒဏ် ခံစားခဲ့ရတယ်လို့ အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန် အာဏာပိုင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ ထောက်ပံ့ရေး အေဂျင်စီတွေမှာ ရန်ပုံငွေ ပြတ်လပ်နေတာ၊ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး ရန်ပုံငွေတွေ ဖြတ်တောက်လျှော့ချတာနဲ့ တာလီဘန်တွေရဲ့ ရှုပ်ထွေးတဲ့ မူဝါဒတွေကြောင့် ငလျင်ဘေးသင့် ပြည်သူတွေဆီ ထိရောက်တဲ့ အထောက်အပံ့တွေ ရောက်ရှိဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

နေရာအများအပြားမှာ ဒေသခံတွေဟာ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေကို ကိုယ်ထူကိုယ်ထ လိုက်လံရှာဖွေနေရပါတယ်။ ပထမဆုံး ငလျင်ကြီးအပြီး ပြင်းအားမတူတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ထပ်လှုပ်ခဲ့ပြီး စက်တင်ဘာ ၂ ရက်နဲ့ ၄ ရက်နေ့ ငလျင်တွေကတော့ အကြမ်းဆုံး ဖြစ်ပါတယ်။

ဒုတိယ ငလျင် လှုပ်ခတ်တုန်းကလည်း မြေပြိုမှုတွေ ထပ်ဖြစ်ပြီး လမ်းတွေ ပိုမိုပျက်စီးကုန်တဲ့အပြင် ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေပါ အထိတ်တလန့် အခြေအနေတွေ ကြုံခဲ့ရပါတယ်။

တာလီဘန်တွေကတော့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီတွေ ပိုမိုပေးပို့ကြဖို့ အပူတပြင်း မေတ္တာရပ်ခံထားပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP)ရဲ့ အာဖဂန် ဌာနခွဲကတော့ ငလျင်ဘေးသင့် ပြည်သူတွေကို အကူအညီပေးဖို့ စုဆောင်းထားတဲ့ အရင်းအမြစ်က နောက်ထပ် သီတင်း ၄ ပတ်စာလောက်သာ ကျန်တော့တယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။