Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုပ်ကြံခံခဲ့ရသူ ချာလီကာ့ခ်အတွက် အမှတ်တရ စုဝေးမှုကို ထရမ့်တက်ရောက်ပြီး မိန့်ခွန်းပြော

လူအများရှေ့မှာ ပစ်ခတ်လုပ်ကြံ ခံခဲ့ရတဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအတွက် ကျင်းပတဲ့ အမှတ်တရ စုဝေးပွဲ အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

လူအများရှေ့မှာ ပစ်ခတ်လုပ်ကြံ ခံခဲ့ရတဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအတွက် ကျင်းပတဲ့ အမှတ်တရ စုဝေးပွဲ အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ကာလတုန်းက ထရမ့်အတွက် တက်တက်ကြွကြွ မဲဆွယ်ပေးခဲ့သူ ကွန်ဆာဗေးတစ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ ရေဒီယို အစီအစဉ်မှူး ချာလီကာ့ခ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက ယူတားပြည်နယ်ထဲက တက္ကသိုလ် တစ်ခုမှာ ကျောင်းသားတွေနဲ့ စကားစစ်ထိုးနေချိန် သေနတ်သမား တစ်ဦးရဲ့ အဝေးကနေ ပစ်ခတ် လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပါတယ်။

သေနတ်သမားကတော့ နောက်ထပ် ၃၃ နာရီအကြာမှာ မိသားစုဆီကနေတဆင့် ဆက်သွယ်ပြီး အဖမ်းခံခဲ့ပါတယ်။ ကာ့ခ်ကို လုပ်ကြံမှုဟာ အမေရိကန် နိုင်ငံရေး နယ်ပယ်မှာ ရန်လို တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာနေတဲ့ အချက်ပေး ခေါင်းလောင်းထိုးသံ ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ကတော့ အရီဇိုးနား ပြည်နယ်ထဲမှာ ကာ့ခ်အတွက် ရည်ရွယ်တဲ့ အောက်မေ့မှု အခမ်းအနားတစ်ခု ကျင်းပခဲ့ရာမှာ လူတွေ သောင်းနဲ့ချီ တက်ရောက်ခဲ့သလို ထရမ့်ကလည်း ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ် အပါအဝင် ထိပ်တန်း အစိုးရ အရာရှိ တချို့နဲ့အတူ ပူးပေါင်း ပါဝင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခမ်းအနားမှာ ထရမ့်က မိန့်ခွန်းပြောရာမှာ ကာ့ခ်ကိ အမေရိကန်ရဲ့ ထူးကဲတဲ့ သူရဲကောင်းတစ်ဦး၊ အာဇာနည်တစ်ဦးလို့ ရည်ညွှန်းသွားခဲ့ပါတယ်။ ကာ့ခ်ဟာ ရဲရဲရင့်ရင့် အသက်ရှင်ခဲ့လို့ လုပ်ကြံခံခဲ့ရတာ ဖြစ်ကြောင်း၊ သူဟာ သတ္တိရှိရှိ ရှင်သန်ခဲ့ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ထောက်ပြငြင်းခုံမှုတွေကို ဉာဏ်ရည် ထက်ထက်မြက်မြက် လုပ်ဆောင်ပြခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

ဖီးနစ်မြို့ရဲ့ စတိတ်ဖမ်း အားကစားရုံကြီးထဲမှာ မျက်ရည်လည်ရွဲနဲ့ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ကာ့ခ်ရဲ့ ကျန်ရစ်သူ ဇနီးသည် အီရစ်ကာ ကာ့ခ်က သူ့အနေနဲ့ လုပ်ကြံသူကို ခွင့်လွှတ်ပေးလိုက်ပြီလို့ ပြောသွားခဲ့ပါတယ်။ သူ့ခင်ပွန်းဟာ လူငယ်လူရွယ်တွေရဲ့ ဘဝကို ကယ်တင်ပေးချင်ခဲ့ကြောင်း၊ အဲဒီထဲက တစ်ယောက်ကပဲ သူ့အသက်ကို နုတ်ယူသွားခဲ့တာဖြစ်ကြောင်း၊ ဒါပေမဲ့ သူက လူသတ်သမားကို ခွင့်လွှတ်ပေးခဲ့ပြီး အဲဒါကလည်း သူ့ခင်ပွန်းသာဆိုရင် အဲဒီလမ်းကိုပဲ ရွေးမယ်လို့ ယုံကြည်တဲ့အတွက်ဖြစ်ကြောင်း အီရစ်ကာက ဖွင့်ဟခဲ့ပါတယ်။ အမုန်းကို ဖြေရှင်းတဲ့ နည်းလမ်းဟာ အမုန်းပဲ ဖြစ်နေလို့ မရဘူးလို့လည်း အဲဒီ အမျိုးသမီးက ဆက်ပြောပါတယ်။

အခမ်းအနား ပြီးဆုံးခါနီးမှာတော့ ထရမ့်ဟာ အီရစ်ကာကို ထွေးပွေ့ပြီး နှစ်သိမ့် အားပေးနေခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီ အခမ်းအနားမှာ နေရာတစ်ခု ရနိုင်ဖို့အတွက် လူထောင်ပေါင်းများစွာဟာ ညလုံးပေါက် တန်းစီ စောင့်ခဲ့ကြပါတယ်။ အများအပြားက ထရမ့်ရဲ့ နိုင်ငံရေး ကြွေးကြော်မှုဖြစ်တဲ့ Make America Great Again စာတန်းပါ ဦးထုပ်တွေကို ဆောင်းလာခဲ့ကြပါတယ်။

စုစုပေါင်း ၅ နာရီလောက် ကြာမြင့်ခဲ့တဲ့ အစီအစဉ်မှာ အသက် ၃၁ နှစ်အရွယ် ကွယ်လွန်သူ ကာ့ခ်ရဲ့ ဘဝဖြတ်သန်းမှုတွေနဲ့ လုပ်ဆောင်ချက်တွေကိုလည်း ချီးကျူးသွားခဲ့ကြပါတယ်။ ထရမ့်အပြင် ဒုတိယ သမ္မတ ဗန့်စ်နဲ့ တခြား အမေရိကန် အစိုးရ အရာရှိ တချိုု့ကလည်း အခမ်းအနားမှာ မိန့်ခွန်း ပြောခဲ့ကြပါတယ်။

ကာ့ခ်ကို လုပ်ကြံခဲ့သူဟာ အသက် ၂၂ နှစ်အရွယ် တိုင်လာရော်ဘင်ဆန်ဆိုတဲ့ တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်ပြီး လောလောဆယ်မှာတော့ လူသတ်မှုအတွက် တရားရင်ဆိုင်နေရပါတယ်။ အစောပိုင်းမှာ ထရမ့်က အဲဒီ လုပ်ကြံမှုဟာ လက်ဝဲစွန်း နိုင်ငံရေး အင်အားစုတွေရဲ့ သွေးထိုး မြှောက်ပင့်မှုကြောင့် ဖြစ်ပေါ်လာတာလို့ စွပ်စွဲ ဝေဖန်ထားခဲ့သလို ကျူးလွန်သူကိုလည်း သေဒဏ်ချမှတ်စေဖို့ သူလိုလားကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။

ရော်ဘင်ဆန် အနေနဲ့ လက်ရှိ ကြုံနေရတဲ့ စွဲချက်တွေအရ သေဒဏ်ထိ ကျခံရနိုင်ခြေမျိုး ရှိနေတယ်လို့ ဥပဒေ ပညာရှင်တွေက ပြောပါတယ်။ သူက ကာ့ခ်ကို ဘာကြောင့် လုပ်ကြံခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ စုံစမ်းရေး အရာရှိတွေက လက်ရှိ အချိန်ထိ တိတိကျကျ မထုတ်ပြန်သေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။