အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ပုံနဲ့ ဒင်္ဂါးပြားတွေကို အမေရိကန် အစိုးရက ဒီဇိုင်းမူကြမ်းအဆင့် ထုတ်ပြခဲ့ပါတယ်။
တန်ဖိုးအားဖြင့် ၁ ဒေါ်လာတန်အဖြစ် သွန်းလုပ်မယ့် ဒင်္ဂါးတွေရဲ့ မူကြမ်း ဒီဇိုင်းမှာတော့ လက်ရှိ အမေရိကန် သမ္မတ ထရမ့်ရဲ့ ပုံကို ရွေးဆွဲထားတာ တွေ့နိုင်ပါတယ်။ အဲဒီ ဒီဇိုင်းမူကြမ်းကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြသခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်လက်အောက်ကနေ အမေရိကန်ရဲ့ လွတ်လပ်ရေး ကြေညာမှုဟာ လာမယ့်နှစ်မှာ နှစ်ပေါင်း ၂၅၀ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
ဒင်္ဂါးပြားရဲ့ မျက်နှာစာ တစ်ဖက်မှာတော့ ထရမ့်ရဲ့ မျက်နှာ ဘေးဖက်ပုံကို အနီးကပ် တွေ့နိုင်ပြီး နောက်ကွယ်မှာ လွတ်လပ်ရေးဆိုတဲ့ စာတန်း၊ အောက်ခြေမှာတော့ ၁၇၇၆-၂၀၂၆ ဆိုတဲ့ စာတန်းတွေ ပါရှိနေပါတယ်။

Public Service Announcement
နောက်ထပ် ဒင်္ဂါး မျက်နှာပြင်မှာတော့ အမေရိကန် အလံ နောက်ခံနဲ့ လက်ရုံးဆန့်တန်းနေတဲ့ ထရမ့်ရဲ့ပုံ၊ မနှစ်တုန်းက လုပ်ကြံမှု တစ်ခုမှာ အသက်ဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်ခဲ့တဲ့နောက် ထရမ့်က ကြွေးကြော်ခဲ့တဲ့ ‘Fight, fight, figh’ဆိုတဲ့ ကြွေးကြော်သံ စာသား၊ ၁ ဒေါ်လာဆိုတဲ့ တန်ဖိုးသတ်မှတ်ချက်တွေ ရေးထွင်းထားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ ကနဦးအဆင့် ဒီဇိုင်းတစ်ခုသာဖြစ်ပြီး အချောသပ်ထားတဲ့ ရွေးချယ်မှုတော့ မဟုတ်သေးဘူးလို့ ဘဏ္ဍာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ ကနဦး ဒီဇိုင်းကတော့ ကြီးမားတဲ့ အဟန့်အတားတွေ ကြုံရင်တောင်မှ အမေရိကန်နိုင်ငံနဲ့ ဒီမိုကရေစီဟာ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့တယ် ဆိုတာကို ထင်ဟပ်ပြစေဖို့ဖြစ်ကြောင်း သူက ပြောပါတယ်။
အမေရိကန်ရဲ့ နှစ် ၂၅၀ ပြည့် လွတ်လပ်ရေး နှစ်ပတ်လည်အတွက် သင့်တော်တဲ့ ၁ ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလုပ်ဖို့ကို ၂၀၂၀ ပြည့်နှစ် ကတည်းက အမေရိကန် လွှတ်တော်က မဲခွဲ အတည်ပြု ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အထူး အထိမ်းမှတ် ဒင်္ဂါးရဲ့ မျက်နှာပြင်မှာ လူပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ မျက်နှာ၊ ဒါမှမဟုတ် ပုံတူတွေ မပါသင့်ဘူးလို့ မူအားဖြင့် သဘောတူထားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ဒင်္ဂါးတွေ သွန်းလုပ်တဲ့အခါ သက်ရှိထင်ရှား ပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ ပုံတူတွေ မပါသင့်ဘူးဆိုတဲ့ သတ်မှတ်ချက်ကလည်း ၁၈၆၆ ခုနှစ် ကတည်းက ဥပဒေအဖြစ် ပြဋ္ဌာန်းထားတဲ့အတွက် အခု ဒင်္ဂါး ဒီဇိုင်းအပေါ် အငြင်းပွားမှုတွေက လူမှုကွန်ရက်မှာ ချက်ချင်း ပျံ့နှံ့လာပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ ထရမ့်အနေနဲ့ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် ဒင်္ဂါးပေါ်မှာ ပုံနှိပ်ဖော်ပြ ခံရမလားဆိုတာ မသေချာပေမယ့် အဲဒီလို ဖြစ်လာရင် သမ္မတကြီးကတော့ ကျိန်းသေပေါက် သဘောကျလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: Axios


















































