Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကိစ္စမှာ စစ်ရေးအရ ဂျပန် ဝင်စွက်ဖက်ရင် စုတ်ပြတ်သတ်အောင် ရှုံးနိမ့်သွားစေမယ်လို့ တရုတ်သတိပေး

ထိုင်ဝမ်အရေးမှာ ဓားခုတ်ရာ လက်ဝင်လျှိုပြီး စစ်ရေးအရ စွက်ဖက်မယ်ဆိုရင် စုတ်ပြတ်သတ်သွားတဲ့ အရှုံးမျိုးနဲ့ ကြုံရစေမယ်လို့ ဂျပန်ကို တရုတ်က သတိပေး ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ်အရေးမှာ ဓားခုတ်ရာ လက်ဝင်လျှိုပြီး စစ်ရေးအရ စွက်ဖက်မယ်ဆိုရင် စုတ်ပြတ်သတ်သွားတဲ့ အရှုံးမျိုးနဲ့ ကြုံရစေမယ်လို့ ဂျပန်ကို တရုတ်က သတိပေး ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိက တရုတ်သာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ရှင်သန်ရပ်တည်ရေးဆိုင်ရာ အစီအမံတွေအတိုင်း တုံ့ပြန်ရမယ်လို့ ပြောကြားခဲ့တဲ့အပေါ် တရုတ်က ဒေါသထွက်နေပါတယ်။ အဲဒီ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကတော့ ဂျပန်ကိုယ်တိုင်နဲ့ မဟာမိတ်တွေကို ပြင်ပတိုက်ခိုက်မှု တစ်ခုခု ရှိလာတဲ့အခါ ဂျပန် ပြည်စောင့်တပ်က ပါဝင်တိုက်ခိုက်မယ် ဆိုတာမျိုး သက်ရောက်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ်ကတော့ ကိုယ်ပိုင်နိုင်ငံအဖြစ် သီးခြားရပ်တည်ရေးကိုသာ လိုလားနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိုဆာကာမှာရှိတဲ့ တရုတ် ကောင်စစ်ဝန် ရှုကျန်းက တကအိချိရဲ့ မှတ်ချက်ကို ဝေဖန် ရှုတ်ချခဲ့ရာမှာ ပြဿနာကို ကြီးမလာခင် ကတည်းက အပြတ်ရှင်းသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး စကားပုံ တစ်ခုကိုပါ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စကားပုံရဲ့ အဓိပ္ပါယ်က ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ်ဆိုတဲ့ သဘောမျိုးပါ ကောက်ယူလို့ ရနေတာကြောင့် နှစ်ဖက် သံတမန်ရေး တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ် သံအမတ်ကြီးကိုပါ ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။ တရုတ် ကောင်စစ်ဝန်ကို နှင်ထုတ်သင့်ကြောင်း တောင်းဆိုမှုတွေ ရှိနေပေမယ့် ဂျပန်ကတော့ သင့်တော်တဲ့ အရေးယူ ထိန်းသိမ်းမှုမျိုး လုပ်ဆောင်ပေးဖို့သာ တရုတ်သံအမတ်ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

တခြားတစ်ဖက်မှာတော့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကျန်ပင်းက တကအိချိရဲ့ စကားတွေက အန္တရာယ်များပြီး တာဝန်မဲ့လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဂျပန်အနေနဲ့ သမိုင်းကနေ သင်ခန်းစာ ယူရမယ့်အစား နောက်ထပ် စွန့်စားတာမျိုး၊ ဒါမှမဟုတ် ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်စရာတွေမှာ အင်အားသုံးဖို့ ရွေးချယ်လာတာမျိုးဆိုရင် တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (တရုတ်စစ်တပ်)ရဲ့ သံမဏိစိတ်ဓာတ်အောက်မှာ စုတ်ပြတ်သွားအောင် ချေမှုန်းခံရမှာ၊ ကြီးကြီးမားမား ပေးဆပ်ရမှာ ဖြစ်တယ်လို့ သူက ခြိမ်းခြောက်သွားပါတယ်။

နောက်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဂျပန် သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး တကအိချိရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်ကြောင်း အသိပေးခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက ဂျပန်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားမှုနဲ့ အစီအမံတွေကိုလည်း စိုးရိမ်ကြောင်း ပြောပါတယ်။ ဂျပန်က နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်နိုင်ရေး ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို သူက ထောက်ပြခဲ့ပြီး ဒါဟာ စစ်ရေးကဏ္ဍမှာ နျူကလီးယားနဲ့ မပတ်သက်ဖို့ ဆုံးဖြတ်ထားတဲ့ ဂျပန်ဆီက အနုတ်လက္ခဏာဆောင်တဲ့ အကြီးစား မူဝါဒ အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ သူက သတိပေးသွားပါတယ်။

နောက်ပြီး တရုတ်နိုင်ငံသားတွေ အနေနဲ့ လတ်တလော ဂျပန်ကို သွားရောက်တာမျိုးကနေ အတတ်နိုင်ဆုံး ရှောင်ရှားသင့်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တကအိချိရဲ့ မှတ်ချက်စကား နောက်ဆက်တွဲအဖြစ် တရုတ်-ဂျပန် ဆက်ဆံရေးမှာ ကြီးမားတဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်လို့လည်း တရုတ်ဖက်က စွပ်စွဲ ပြောဆိုသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။