အီရန်ရဲ့ အဓိပတိသစ်ဟာ လိင်တူစုံမက်သူ (gay)တစ်ဦး ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေး သတင်းအချက်အလက်တွေ လက်ခံရရှိထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားခဲ့တဲ့ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီရဲ့ သားဖြစ်သူ မော့ဂျ်တာဘာကို အီရန် အစိုးရက နိုင်ငံခေါင်းဆောင် အဓိပတိသစ်အဖြစ် ရွေးချယ်ကြောင်း တရားဝင် ကြေညာထားခဲ့ပါတယ်။
မတ်လ ၁၆ ရက်နေ့မှာတော့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ဟာ မော့ဂျ်တာဘာဟာ gayတစ်ဦး ဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြောင်း အမေရိကန်ရဲ့ New York Post သတင်းစာက စတင်ဖော်ပြခဲ့ပါတယ်။ ဖခင်ဖြစ်သူ ခါမေနီက သူ့သားရဲ့ လိင်စိတ်တိမ်းညွှတ်မှုကြောင့် သူ့ရဲ့နေရာမှာ အစားထိုး ဆက်ခံသူအဖြစ် ရွေးချယ်ဖို့ တွန့်ဆုတ်ခဲ့၊ စိုးရိမ်ခဲ့ဖူးကြောင်း New York Postက ဆိုပါတယ်။
ပြီးတော မော့ဂျ်တာဘာဟာ သူ့ငယ်ဘဝကတည်းက စာသင်ပြပေးခဲ့တဲ့ အမျိုးသား ဆရာတစ်ဦးနဲ့ ကာလရှည်ကြာ လိင်တူ ဆက်ဆံရေး ရှိနေတယ်လို့ CIAက သုံးသပ်ထားကြောင်း New York Postရဲ့ အာဘော်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement
မော့ဂျ်တာဘာကို Gayတစ်ဦးလို့ CIAက ခန့်မှန်းထားတာ တကယ်လားလို့ Fox သတင်းဌာနက မေးမြန်းတဲ့အခါ CIAဟာ ဒီအကြောင်း သူ့ကို ပြောပြထားပြီးပြီလို့ ထရမ့်က အတည်ပြုသွားပါတယ်။ CIA အေးဂျင့်တွေက သူ့ကို ဒီအကြောင်း ပြောခဲ့ကြောင်း၊ ဒါပေမဲ့ ဒီကိစ္စကို သိတာက CIAချည်းပဲ မဟုတ်ဘဲ လူတွေ အများကြီး ပြောဆိုနေကြပြီး ဖြစ်နိုင်ကြောင်း၊ အီရန်လို နိုင်ငံမျိုးမှာ ဒီသတင်းတွေ ထွက်နေတာက မော့ဂျ်တာဘာရဲ့ ရာထူးအတွက် ဆိုးရွားတဲ့ အစပြုပုံလည်း ဖြစ်နိုင်ကြောင်း ထရမ့်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက New York Postရဲ့ ဖော်ပြမှုမှာတော့ အသက် ၅၆ နှစ်အရွယ် မော့ဂျ်တာဘာဟာ gayတစ်ဦး ဖြစ်နိုင်ကြောင်း CIA အရာရှိတွေက အစီရင်ခံတဲ့အခါ ထရမ့်နဲ့ သူ့ရဲ့ အကြံပေး နှစ်ဦးက အကြီးအကျယ် ပွဲကျသွားခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။
အီရန်ဟာ အစ္စလာမ်မစ် ဘာသာရေး စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပြီး gayအဖြစ် စွပ်စွဲခံရသူတွေကို ကရိန်းတွေပေါ်မှာ ကြိုးပေး ကွပ်မျက်တာ၊ တချို့ကို အတင်းအကျပ် လိင်ပြောင်းလဲ ခွဲစိတ်စေတာတွေ ရှိခဲ့ဖူးပါတယ်။
မော့ဂျ်တာဘာဟာ gayတစ်ဦး ဖြစ်နိုင်ကြောင်း CIAဆီက အစီရင်ခံမှု ရထားတယ်လို့ ပြောပေမယ့် အဲဒီအချက်ကို သက်သေထူနိုင်မယ့် အထောက်အထားမျိုးကိုတော့ ထရမ့်က ဖော်ထုတ် မသွားခဲ့ပါဘူး။
မော့ဂျ်တာဘာဟာ အီရန် အဓိပတိ ရာထူးကို ဆက်ခံပြီးနောက်ပိုင်း လူမြင်ကွင်းရှေ့ လုံးဝ ထွက်ပေါ်မလာဘဲ ရှိနေခြင်းကြောင့် သူ့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ သူဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး ခြေတစ်ဖက်တောင် ဆုံးရှုံးသွားကြောင်း သတင်းတွေ ပျံ့နှံ့ခဲ့ဖူးပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။
ကိုးကား: New York Post
ဓာတ်ပုံ – Getty


















































