ဂျပန်ရဲ့ ဒုံးကျည် ဖြန့်ကျက်မှုတွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်မှုထက် လွန်ကဲနေပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကိုပါ ချိုးဖောက်ရာ ရောက်နိုင်ကြောင်း တရုတ် အစိုးရက ဝေဖန် ပြောကြားလိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းက ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ ကြေညာခဲ့တဲ့ ဒုံးကျည် ဖြန့်ကျက်မှု အစီအမံတွေနဲ့ ပတ်သက်ပြီး ဧပြီ ၁ ရက်နေ့မှာ ဝေဖန် မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ ကိုအီဇူမီက နိုင်ငံရဲ့ ပထမဆုံး တာဝေးပစ် ဒုံးကျည်တွေကို ကူမာမိုတို ဒေသမှာရှိတဲ့ ကန်ဂွန် စစ်စခန်းမှာ ပထမဆုံးအကြိမ် ဖြန့်ကျက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ Mitsubishi အကြီးစား စက်မှုလုပ်ငန်းက ထုတ်လုပ်ပြီး အဆင့်မြှင့်တင်ထားတဲ့ Type-12 သင်္ဘောဖျက် ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။
ဒါဟာ ကီလိုမီတာ ၂၀၀ လောက်သာ ပျံသန်းနိုင်ခဲ့တဲ့ မူရင်း အမျိုးအစားထက် သိသိသာသာ တိုးလာတဲ့ အကွာအဝေးဖြစ်သလို တရုတ်နိုင်ငံ ပိုင်နက်ထိ တိုက်ခိုက်နိုင်မယ့် သဘောပါပဲ။

Public Service Announcement
မော်ကတော့ ဂျပန်ဟာ တိုက်ခိုက်ရေးအတွက် အသုံးပြုတဲ့ စစ်လက်နက်တွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ တန်ပြန်တိုက်ခိုက်ဖို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဖြန့်ကျက်နေတာသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ တကယ်တမ်းကျတော့ အဲဒီ တာဝေးပစ် ဒုံးကျည်တွေဟာ ခုခံရေးသီးသန့်ဆိုတဲ့ မူဝါဒ စည်းမျဉ်းတွေထဲကနေ အများကြီး ကျော်လွန်နေတယ်လို့ သူက ဆိုပါတယ်။
နောက်ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ လက်နက်ချမှု ကြေညာချက်၊ ကိုင်ရို ကြေညာချက်၊ ပေါ့တ်စ်ဒမ်း ကြေညာစာတမ်းတို့လို နိုင်ငံတကာ သဘောတူညီမှုတွေနဲ့ ဥပဒေ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်နေတယ်လို့ မော်က ပြောပါတယ်။
တာဝေးပစ် ဒုံးကျည်တွေ ဖြန့်ကျက်ခြင်းက ဂျပန်မှာ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေရဲ့ လွှမ်းမိုးမှု အားကောင်းလာပြီး နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေကလည်း ပိုမိုရန်လိုလာသလို နယ်ချဲ့ဝါဒဆီ ပြန်လည် ဦးတည်လာနေတာ မြင်သာစေတဲ့ အထောက်အထား တစ်ခုဖြစ်တယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။
ဂျပန်ရဲ့ စစ်ဝါဒသစ်ဟာ ဒေသငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာစေနိုင်ပြီး နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ နိုးနိုးကြားကြား စောင့်ကြည့်သင့်ကြောင်းလည်း မော်က တိုက်တွန်းသွားပါတယ်။
တာဝေးပစ် ဒုံးကျည်တွေ ဖြန့်ကျက်လာတဲ့ ဂျပန် အစိုးရရဲ့ လုပ်ရပ်အပေါ် ပြည်တွင်းမှာတောင် ဝေဖန်မှုတွေ၊ ဆန့်ကျင်မှုတွေ အများအပြား ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ မှတ်ချက် စကားတစ်ခွန်းကြောင့် တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ တကအိချိက တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို စစ်ပြုတိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူညီဖို့ တပ်တွေ စေလွှတ်မယ်လို့ ပြောခဲ့တာပါ။ ဒါဟာ ဂျပန်က စစ်ဝါဒကို ဆွဲကိုင်ပြီး တရုတ်အပေါ် ရန်လိုကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ တရုတ်အစိုးရက စွပ်စွဲပြီး ဂျပန်အပေါ် ကုန်သွယ်ရေး၊ သံတမန်ရေးဆိုင်ရာ ဖိအားပေးမှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား: CGTN
ဓာတ်ပုံ – VCG



















































