ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့တဲ့နောက် အီရန် အနေနဲ့ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တွေ နောက်တစ်ခါ ထပ်ပြီး စေလွှတ်ချင်သလား ဆိုတာကို သူဂရုမစိုက်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဧပြီ ၁၂ ရက်နေ့တုန်းက ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ အန်ဒရူးစ် လေတပ်စခန်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အီရန် အနေနဲ့ ဆွေးနွေးပွဲ စကားဝိုင်းဆီ ပြန်မလာချင်ဘူး ဆိုရင်လည်း သူ့အတွက် ပြဿနာ မရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
အီရန်က ဆွေးနွေးပွဲတွေဆီ ပြန်လာမလား၊ မလာဘူးလား ဆိုတာကို သူဂရု မစိုက်တော့ကြောင်း၊ သူတို့တွေ ပြန်မလာချင်လည်း သူ့အတွက် အဆင်ပြေကြောင်း ထရမ့်က ဆိုပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်က အီရန်နဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေဟာ ပါကစ္စတန်မှာ စစ်ရပ်စဲရေးကိစ္စ တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့ပါတယ်။
ထရမ့်က အီရန်နဲ့ တခြားကိစ္စတွေမှာ သဘောတူညီမှုတွေ ရနိုင်ခဲ့ပေမယ့် နျူကလီးယား နည်းပညာ ရည်မှန်းချက်တွေကို အီရန်က စွန့်လွှတ်ဖို့ ငြင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement
ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့တိုင် လောလောဆယ် ရယူထားတဲ့ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကိုတော့ ကောင်းကောင်းမွန်မွန် ဆက်လက် ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ Wall Street ဂျာနယ်က အီရန်နဲ့ သဘောတူညီမှု မရခဲ့တဲ့နောက် ထရမ့်ဟာ အပစ်ရပ်ကာလ ပြီးဆုံးတဲ့အခါ အီရန်ကို တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာနိုင်တယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အမေရိကန်နဲ့ အီရန်တို့ဟာ ပါကစ္စတန်က ဆွေးနွေးပွဲတွေမှာ သဘောတူညီမှု တစ်ခု ရရှိနိုင်ဖို့ အရမ်း နီးကပ်ခဲ့ကြောင်း ပြောကြားသွားပါတယ်။
ထရမ့်ဟာ အီရန်နဲ့ ဆွေးနွေးပွဲ အဆင်မပြေ ဖြစ်ခဲ့တဲ့နောက် ဧပြီ ၁၃ ရက်နေ့ကစလို့ ဟောမုဇ် ရေလက်ကြားကို ပိတ်ထားမယ်လို့လည်း ကြေညာခဲ့ပါတယ်။ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ အီရန် ရေတပ်ကတော့ ဟောမုဇ်ကို အမေရိကန် စစ်သင်္ဘောတွေ ဝင်ရောက်လာခြင်းဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ သတိပေးခဲ့ပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ကိုးကား: BBC


















































