Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်း၊ တချို့တွေ နောက်ကြောင်းပြန်လှည့်ရ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် စတင်ပိတ်ဆို့ခဲ့တဲ့ ပထမဆုံး ရက်မှာ အဲဒီရေပြင်ကို ဖြတ်သန်း ခုတ်မောင်းတဲ့ သင်္ဘောတွေ ရှိခဲ့ပြီး တချို့တွေ နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

ဟောမုဇ် ရေလက်ကြားကို အမေရိကန် စတင်ပိတ်ဆို့ခဲ့တဲ့ ပထမဆုံး ရက်မှာ အဲဒီရေပြင်ကို ဖြတ်သန်း ခုတ်မောင်းတဲ့ သင်္ဘောတွေ ရှိခဲ့ပြီး တချို့တွေ နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ရေလက်ကြား ပိတ်ဆို့မှု စတင်သတ်မှတ်ပြီး ပထမဆုံး ၂၄ နာရီအတွင်း ဘယ်သင်္ဘော တစ်စီးကိုမှ ဖြတ်သန်းလို့ မရအောင် တားဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံတကာ ရေကြောင်းသွားလာမှု ခြေရာခံ စနစ်တွေက ဧပြီ ၁၃ ရက်မှာ အနည်းဆုံး သင်္ဘော ၃ စီးလောက်ဟာ ဟောမုဇ်ကို ဖြတ်သန်းသွားခဲ့ကြောင်း ညွှန်ပြနေပါတယ်။ ဒါပေမဲ့ တချို့ သင်္ဘောတွေဟာ ရေလက်ကြားကို ဖြတ်ပြီးမှ နောက်ကြောင်း ပြန်လှည့်သွားတာမျိုးတွေ တွေ့ခဲ့ရကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အီရန် ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်တဲ့ ရေယာဉ်တွေနဲ့ အီရန်အာဏာပိုင်တွေဆီ ရေလက်ကြား ဖြတ်သန်းခွင့် အခွန်အခ ပေးဆောင်ခဲ့တဲ့ သင်္ဘောတွေ မှန်သမျှကို တားဆီးသွားမယ်လို့ အမေရိကန်က ကြေညာထားပေမယ့် လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ Christianna သင်္ဘောဟာ ပြောင်းတန်ချိန် ၇၄၀၀၀ လောက်ကို အီရန်ရဲ့ ဘန်ဒါအီမမ် ခိုမေနီ ဆိပ်ကမ်းမှာ ချထားခဲ့ပြီး ဧပြီ ၁၃ ရက်နေ့မှာ ရေလက်ကြားကို ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာတော့ အိုမန်နားမှာ သင်္ဘောဟာ ရေလက်ကြားဖက် ပြန်လှည့်သွားပြီး လက်ရှိ တည်နေရာကိုတော့ မသိရပါဘူး။

ကိုမိုရိုအလံ လွှင့်ထူထားတဲ့ ရေနံတင်သင်္ဘော Elpisဟာလည်း မက်သနော တန်ချိန် ၃၁၀၀၀ လောက်ကို တင်ဆောင်ပြီး အီရန်ရဲ့ ဘူရှာဟ် ဆိပ်ကမ်းကနေ ထွက်ခွာခဲ့သလို Argo Marisဆိုတဲ့ ရေယာဉ်ဟာလည်း အီရန်ကနေ ထွက်ခွာပြီး ဧပြီ ၁၃ ရက်နေ့မှာ ရေလက်ကြားကို ဖြတ်သန်း မောင်းနှင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သင်္ဘော နှစ်စီးရဲ့ တည်နေရာတွေကိုလည်း လောလောဆယ်မှာတော့ အတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

ဧပြီ ၁၄ ရက်နေ့မှာတော့ တရုတ်ပိုင် Rich Starry ရေနံတင် သင်္ဘောဟာလည်း ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။ အဲဒီ ရေယာဉ်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံကနေ မက်သနော တန်ချိန် ၃၁၅၀၀ လောက်ကို တင်ဆောင်ပြီး ရေလက်ကြားအတိုင်း ဖြောင့်ဖြောင့်တန်းတန်း ခုတ်မောင်းခဲ့ရာကနေ နောက်ပိုင်းမှာတော့ ဂငယ်ကွေ့ ပြန်ကွေ့သွားတာကို ရေကြောင်းသွားလာမှု ခြေရာခံ မှတ်တမ်း စနစ်တွေက ညွှန်ပြနေခဲ့ပါတယ်။

Rich Starryနဲ့ Elpis သင်္ဘောတွေဟာ အီရန်နဲ့ ဆက်နွှယ်မှုတွေကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ပါဝင်နေတဲ့ ရေယာဉ်တွေလို့လည်း သိရပါတယ်။

CENTCOMကတော့ အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှု စတင်အသက်ဝင်တဲ့ ပထမဆုံး ၂၄ နာရီအတွင်း ဘယ်ရေယာဉ်မှာ ဟောမုဇ်ကို မဖြတ်နိုင်ခဲ့ကြောင်း အခိုင်အမာ ပြောပါတယ်။ တချို့သော ရေယာဉ်တွေ ခုတ်မောင်းသွားနိုင်ခဲ့တယ် ဆိုတာက ပိတ်ဆို့မှု မတိုင်ခင် အမေရိကန် ရေတပ်က ကင်းလွတ်ခွင့် ပေးထားတဲ့ အချိန်မှာဖြစ်ကြောင်း CENTCOMက ရှင်းလင်းခဲ့ပြီး သင်္ဘော တစ်စီးစီက အမေရိကန် ရေတပ်ရဲ့ ခွင့်ပြုချက်ကို တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်သင်္ဘောမှ အမေရိကန် ပိတ်ဆို့မှုကို မကျော်လွှားနိုင်ခဲ့ကြောင်း၊ အရပ်ဖက် ကုန်တင်သင်္ဘော ၆ စီးကလည်း အမေရိကန် တပ်တွေရဲ့ ညွှန်ကြားမှုကို လိုက်နာပြီး နောက်ကြောင်း ပြန်လှည့်ပြီး အိုမန် ပင်လယ်ကွေ့ထဲက အီရန် ဆိပ်ကမ်းဖက် ပြန်လှည့်သွားခဲ့ကြောင်း CENTCOMက လူမှုကွန်ရက် မီဒီယာ Xမှာ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ပိတ်ဆို့မှုဟာ ဘက်လိုက်ခြင်း မရှိဘဲ အာရေဗျ ပင်လယ်ကွေ့နဲ အိုမန် ပင်လယ်ကွေ့တလျှောက် အီရန် ကမ်းရိုးတန်း၊ အီရန် ဆိပ်ကမ်းတွေက ထွက်ခွာလာတဲ့ ရေယာဉ် မှန်သမျှကို ရေလက်ကြား ဖြတ်သန်းခွင့်ကနေ တားမြစ်ထားတာ ဖြစ်တယ်လို့လည်း CENTCOMရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အမေရိကန် စစ်သင်္ဘော တစ်ဒါဇင်ထက်မနည်းနဲ့ ၁၀၀၀၀ လောက်ဟာ ဟောမုဇ်ကနေ ထွက်လာတဲ့ ရေယာဉ်တိုင်းကို စောင့်ကြည့်ပိတ်ဆို့နိုင်ရေးအတွက် ဖြန့်ကျက်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။