Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကို ပိတ်ပြီး အမေရိကန်ကို အကျပ်မကိုင်ဖို့ အီရန်ကို ထရမ့် သတိပေး

ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်တဲ့ နည်းလမ်းမျိုးနဲ့ အမေရိကန်ကို အကျပ်မကိုင်ဖို့ အီရန်အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - Getty, AP

ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်တဲ့ နည်းလမ်းမျိုးနဲ့ အမေရိကန်ကို အကျပ်မကိုင်ဖို့ အီရန်အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

ဟောမုဇ်မှာ အီရန်ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က ဆက်လက် ပိတ်ဆို့ထားတာကို တုံ့ပြန်တဲ့ အနေနဲ့ ဟောမုဇ်ကို ပြန်ပိတ်လိုက်ကြောင်း ဧပြီ ၁၈ ရက်နေ့မှာ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ရေနံနဲ့ လောင်စာဆီ တင်ပို့မှု ကဏ္ဍမှာ အချက်အခြာ အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို အီရန်က စတင် တိုက်ခိုက်လာခဲ့ပါတယ်။

အီရန်ဟာ ဟောမုဇ်ကို အဆီးအတားမရှိ ပြန်ဖွင့်ပေးမယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပြီး တစ်ရက်အကြာမှာပဲ အခုလို သဘောထား ပြန်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ဆက်ပြီး ပိတ်ဆို့ထားတာဟာ လက်ရှိ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ရာ ရောက်နေတဲ့အတွက် အီရန်ကလည်း အပစ်ရပ်ရေး ဆွေးနွေးချိန်မှာ လက်ခံခဲ့တဲ့ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်ပေးရေး ကိစ္စကို ဆက်ပြီး လိုက်နာနေစရာ မလိုဘူးလို့ အီရန်ဖက်က အကြောင်းပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အစိုးရ အဓိပတိ မော့ဂျ်တာဘာ ခါမေနီက အီရန်ရေတပ်ဟာ ရန်သူတွေအတွက် ခါးသီးတဲ့ ရှုံးနိမ့်မှု အသစ်တွေနဲ့ မိတ်ဆက်ပေးဖို့ အသင့်ဖြစ်နေပြီလို့လည်း ကြွေးကြော်ခဲ့ပါတယ်။

ဧပြီ ၁၈ ရက်နေ့မှာ ထရမ့်က အိမ်ဖြူတော်မှာ အခုကိစ္စကို သဘောထား မှတ်ချက်ပေး တုံ့ပြန်ခဲ့ရာမှာ အီရန် အနေနဲ့ ဟောမုဇ်ရေလက်ကြားရဲ့ ကံကြမ္မာကို မှောက်ချည်လှန်ချည် လုပ်ပြီး အမေရိကန်ကို အကျပ်ကိုင်ဖို့ မကြိုးစားသင့်ကြောင်း သတိပေးသွားခဲ့ပါတယ်။

ခုထိတော့ အီရန်နဲ့ စကားပြောဆိုနေဆဲ ဖြစ်ကြောင်း၊ အီရန်ဟာ ဟောမုဇ်ကို ပြန်ပြီး ပိတ်ထားချင်နေကြောင်း၊ ဒီသဘောထားမျိုးကို နှစ်တွေအကြာကြီး အီရန်က ပြသခဲ့ကြောင်း၊ ဒါပေမဲ့ အီရန်ဟာ အမေရိကန်ကို အကျပ်ကိုင်လို့ မရကြောင်း ထရမ့်က ပြောပါတယ်။

နောက်ပိုင်းကျရင် အီရန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသစ်တွေ ထပ်မံ ထုတ်ပြန်မယ်လို့ သူက ပြောဆိုခဲ့ပြီး လက်ရှိ အချိန်မှာတော့ အမေရိကန်ဟာ တင်းမာတဲ့ သဘောထားမျိုးနဲ့ ဆက်လက် ရပ်တည်နေမယ်လို့လည်း အတည်ပြုသွားပါတယ်။

ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိနိုင်ခြေ အရမ်းနီးကပ်နေပြီလို့ အကောင်းမြင် မှတ်ချက်ပေးခဲ့တဲ့ နေ့မှာပဲ အီရန်က ဟောမုဇ်ကို ပိတ်ချလိုက်ပြီး ဖြတ်သန်းသွားတဲ့ ရေယာဉ်တွေကို တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

ဟောမုဇ်ကို ပိတ်ပစ်မယ့်အကြောင်း ကြေညာပြီး မကြာခင်မှာပဲ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်ငယ်တွေက ဟောမုဇ်မှာ ရှိနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို စတင် ပစ်ခတ်ခဲ့တယ်လို့ ဗြိတိန် ရေကြောင်း လုံခြုံရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရေဒီယိုနဲ့ ဆက်သွယ် သတိပေးတာမျိုးတောင် မရှိဘဲ IRGC ရေယာဉ်တွေက ရုတ်တရက် စတင် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဧပြီ ၁၈ ရက်နေ့မှာတော့ အိန္ဒိယ အစိုးရဟာ ဟောမုဇ်ကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ အိန္ဒိယ ရေယာဉ်နှစ်စီး ဟောမုဇ်မှာ တိုက်ခိုက် ခံခဲ့ရတာနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း အီရန် သံအမတ်ကို အသိပေးခဲ့ပါတယ်။ အိန္ဒိယရဲ့ သဘောထား အမြင်တွေကို အီရန် အစိုးရ အာဏာပိုင်တွေဆီ ပြန်လည် တင်ပြပေးဖို့နဲ့ အိန္ဒိယဆီ ဦးတည်နေတဲ့ ရေယာဉ်တွေကို ဟောမုဇ်ကနေ အန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်အောင် စီစဉ်ပေးဖို့ အီရန် သံအမတ်ဆီ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိ တစ်ဦးက ဆိုပါတယ်။ အိန္ဒိယ ရေယာဉ်တွေ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ဟောမုဇ်ကို ပိတ်ဆို့ကြောင်း ကြေညာချိန်မှာ IRGCက ဘယ်လိုရေယာဉ်မဆို၊ ဘယ်လို သင်္ဘော အမျိုးအစားမဆို ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ထဲမှာ ကျောက်ချ ရပ်နားထားရာကနေ ပြန်လည် ထွက်ခွာကြဖို့ သတိပေးလိုကြောင်း၊ ဟောမုဇ်ကို ချဉ်းကပ်လာတဲ့ အားထုတ်မှုတိုင်းဟာ ရန်သူနဲ့ ပူးပေါင်းတဲ့ လုပ်ရပ်လို့ ယူဆပြီး ပစ်မှတ်ထား တိုက်ခိုက် ခံရမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဟောမုဇ်ဟာ ကမ္ဘာ့ ရေနံတင်ပို့မှုတွေရဲ့ ငါးပုံတစ်ပုံလောက် ပုံမှန်ဖြတ်သန်းရာ ရေလမ်းကြောင်းဖြစ်ပြီး ပုံမှန် အခြေအနေမှာ တစ်နေ့ကို သင်္ဘော အစီးရေ ၁၃၀ ဝန်းကျင်လောက်ထိ သွားလာလေ့ ရှိပါတယ်။ အီရန်မှာ စစ်ပွဲ စတင်လာချိန်မှာတော့ ဟောမုဇ်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ် အကြီးဆုံး ရေကြောင်းသွားလာရေး ဇုန်တစ်ခု ဖြစ်လာပြီး သင်္ဘောအနည်းအကျဉ်းကိုတော့ အီရန်က ခြွင်းချက်အဖြစ် ညှိနှိုင်းပြီး ဖြတ်သန်းခွင့် ပေးခဲ့ဖူးပါတယ်။ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့ခံရမှုဟာ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကြီး တစ်ခုကိုလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ဟောမုဇ် ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့ အီရန်က ဗြိတိန်နဲ့ ပြင်သစ်တို့ကို သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ အီရန် ဆိပ်ကမ်းတွေကို အချိန်အကြာကြီး ဆက်လက် ပိတ်ဆို့ထားနိုင်စွမ်း ရှိနေကြောင်းနဲ့ လိုအပ်လာရင် အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့လည်း အသင့်ရှိနေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ညှိနှိုင်းနေမှုတွေမှာ အီရန်က အလျှော့ပေးလိုက်တဲ့ သဘောအဖြစ် နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲပြီး ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။