ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။
ဧပြီ ၂၈ ရက်နေ့မှာ Rosatomက အဲဒီသတင်းကို ထုတ်ပြန်ခဲ့သလို ဘင်္ဂလားဒေ့ရှ် အစိုးရ အာဏာပိုင်တွေကလည်း Rooppur နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ပထမဆုံး ဓာတ်ပေါင်းဖိုဟာ မကြာခင် စတင်လည်ပတ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ဒါကာမြို့တော်ရဲ့ အနောက်မြောက်ဖက် ကီလိုမီတာ ၁၆၀ လောက်အကွာ၊ ပက်ဒ်မာ မြစ်ကမ်းဘေးမှာ အဲဒီ စက်ရုံကို ၂၀၁၇ မှာ စတင်ဆောက်လုပ်ခဲ့ပါတယ်။ ဒေါ်လာ ၁၁ ဘီလီယံကနေ ၁၃ ဘီလီယံကြားလောက် ကုန်ကျထားတဲ့ စီမံကိန်းဟာ ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံး နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု အဖြစ်လည်း မှတ်တမ်းဝင်လာစေပါတယ်။ အဲဒီစီမံကိန်းရဲ့ ကုန်ကျစရိတ် ၉၀ ရာခိုင်နှုန်းလောက်ကို ရုရှားဆီကနေ ချေးယူခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ Rosatomရဲ့ ယူရေနီယမ် လောင်စာတွေကို စက်ရုံမှာ စတင်ဖြည့်တင်းနေပြီဖြစ်ပြီး မကြာခင်မှာ ဓာတ်အား ပမာဏ အနည်းအကျဉ်း စတင် ထုတ်လုပ်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးကတော့ ဩဂုတ်လကျရင် စက်ရုံကနေ ဓာတ်အား ၃၀၀ မဂ္ဂါဝပ်လောက်ထိ ထုတ်လုပ်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

Public Service Announcement
ဒါပေမဲ့ စက်ရုံရဲ့ စွမ်းအားပြည့် ထုတ်လုပ်မှု ပမာဏဖြစ်တဲ့ မဂ္ဂါဝပ် ၂၄၀၀ လောက်ထိ ရရှိနိုင်ဖို့ကတော့ ၂၀၂၇ နှစ်ကုန်ပိုင်းလောက်မှသာ ဖြစ်နိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ အခုဆိုရင် နျူကလီးယား ဓာတ်ပေါင်းဖို ပိုင်ဆိုင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော် စာရင်းထဲ ပါဝင်လာပြီ ဖြစ်ပါတယ်။ နျူကလီးယား စွမ်းအင်နဲ့ ထုတ်လုပ်မယ့် ဓာတ်အားဟာ လူဦးရေ သန်းပေါင်း ၁၇၀ လောက်ရှိတဲ့ အာရှတောင်ပိုင်း နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက် ၁၀ ရာခိုင်နှုန်းကျော်လောက်ကို ဖြည့်ဆည်းပေးဖွယ် ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာရစ် ရာမန်နဲ့ Rosatomရဲ့ အကြီးအကဲ အလက်ဆီ လစ်ခါချက်ဗ်တို့က ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကနဦး ခွင့်ပြုချက်တွေ ညှိနှိုင်းယူပြီးဖြစ်ကြောင်း ပြောကြားထားပါတယ်။
Rosatomဟာ စက်ရုံရဲ့ ဓာတ်ပေါင်းဖို ပထမယူနစ်ကို ဇူလိုင်လလောက်မှာ စတင်လည်ပတ်စေပြီး ဒုတိယ ယူနစ်ကိုတော့ ၂၀၂၇ ခုနှစ်မှာ လည်ပတ်စေနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ကိုးကား: Reuters

















































